ကျောက်ကြီးမှာ ဗုံးကြဲတိုက်ခိုက်ခံရလို့ ဒေသခံလေးဦး ဒဏ်ရာရ

ကျောက်ကြီးမြို့နယ် စဉ်အိုးလှရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က တလှိုင်းခင်ရွာကို မတ်လ ၂၅ရက်မှာ ဒရုန်းနဲ့ ဗုံးကြဲခဲ့တာပါ။

ကျောက်ကြီးမြို့နယ် တလှိုင်းခင်ရွာ၌ ဒရုန်းနှင့်ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ပျက်စီးမှုများကို မတ်လ ၂၅ရက်တွင် တွေ့ရစဉ်။ KNU

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ သံဃာတစ်ပါးအပါဝင် ဒေသခံလေးဦး ဒဏ်ရာရခဲ့တယ်လို့ မတ်လ ၂၆ ရက်မှာ ကရင်အမျိုးသားအစည်းအရုံး (KNU)ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

ကျောက်ကြီးမြို့နယ် စဉ်အိုးလှရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က တလှိုင်းခင်ရွာကို မတ်လ ၂၅ရက်မှာ ဒရုန်းနဲ့ ဗုံးကြဲခဲ့လို့ ကလေးနှစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

ဒဏ်ရာရသူတွေဟာ အသက် ၁နှစ်အရွယ် နော်မူကလယ်ဖော၊ အသက် ၉နှစ်အရွယ် နော်အယ်ကရာဖေါနဲ့ အသက် ၃၀အရွယ် နော်မူဒါးတို့ဖြစ်ပါတယ်။ သူတို့ဟာ နံဇရွာကနေ စစ်ဘေးရှောင်ဖို့ တလှိုင်းခင်ရွာကို ရောက်နေသူတွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီအပြင် အင်တိုင်းကုန်းရွာနဲ့ လိန်ပင်ရွာကြားကို မတ်လ ၂၄ ရက်နေ့  ညနေပိုင်းက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သံဃာတစ်ပါးဖြစ်တဲ့ ဦးစန္ဒောဘာသ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။

RFA ကပြုစုထားတဲ့စာရင်းတွေအရ အာဏာသိမ်းချိန်ကနေ ၂၀၂၅ မတ်လ ၂၅ရက်အထိ လေကြောင်းနဲ့ လက်နက်ကြီး  ပစ်ခတ်မှုတွေကြောင့် အရပ်သား ၃၂၃၇ ဦး သေဆုံးခဲ့ပြီး ၆၄၂၆ ဦး ဒဏ်ရာရခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org