ဧရာဝတီမြစ်ထဲ ထင်းဆယ်နေသူတွေ ပစ်ခတ်ခံရလို့ တစ်ဦးသေဆုံး၊ နှစ်ဦး ဒဏ်ရာရ

မြစ်အတွင်း ထင်းဆယ်နေတဲ့ ဒေသခံတွေကို ထုံးကြီးရွာ ပျူစောထီးစခန်းကနေပြန်လာတဲ့ စစ်တပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က ရေယာဉ်ပေါ်ကနေ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် စဥ့်ကူးမြို့နယ် ကျေးရွာများမှ ဒေသခံများကို ၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်နေ့က တွေ့ရစဥ်။ Thabeikkyin Revolution - TR

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်မှာ ဇွန်လ ၂၇ ရက်နေ့က ဧရာ၀တီမြစ်ထဲ ထင်းဆယ်နေတဲ့ဒေသခံတွေကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့လို့ အမျိုးသားတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က မနက်ပိုင်းမှာ မြစ်အတွင်း ထင်းဆယ်နေတဲ့ ဒေသခံတွေကို ထုံးကြီးရွာ ပျူစောထီးစခန်းကနေပြန်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က ရေယာဉ်ပေါ်ကနေ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုကြောင့် အသက် ၅၁ နှစ်အရွယ် တုတ်ကုန်းရွာသား ဦးစိုးအောင် သေဆုံးပြီး နောက်ထပ် လူလတ်ပိုင်းအမျိုးသားနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ပစ်ခံရတဲ့သူတွေက တုတ်ကုန်းရွာသားတွေ။ မြစ်လယ်ခေါင်မှာ ထင်းဆယ်နေတဲ့အချိန် သံခွန် (ရေယာဉ်) ပေါ်ကနေ လက်နက်ငယ်တွေနဲ့ ပစ်သွားတာ။ တစ်ဦးက ရင်ဘတ်ကိုမှန်ပြီး ပွဲချင်းပြီး ဆုံးသွားတာ။ ကျန်တဲ့နှစ်ယောက်ကတော့ ဆေးခန်းပို့လိုက်ရတယ်”

ဒဏ်ရာရတဲ့သူနှစ်ဦးကိုတော့ ဆေးကုသမှုပေးထားပြီး စိုးရိမ်စရာမရှိတော့ဘူးလို့ သူက ပြောပါတယ်။

ဒီပစ်ခတ်မှုကိုလုပ်ခဲ့တဲ့ ရေယာဉ်ပေါ်က စစ်ကောင်စီတပ်ပူးပေါင်းအဖွဲ့တွေဟာ ဧရာဝတီမြစ်ထဲမှာ ထင်းဆယ်နေတဲ့ ဆင်ကျွန်းရွာသား အမျိုးသားသုံးဦးကိုလည်း ရွာသာရွာကို ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်ဆက်တွဲအခြေအနေကို မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့အထိ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ လူပေါင်းငါးထောင်ကျော် (၅,၃၃၈) ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org