ပြည်ထဲရေးဝန်ကြီးနဲ့ တွေ့ခွင့် NLD တောင်းဆို
2011.06.29

RFA
ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို က ဦးအောင်ရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်ထံ ဇွန်လ ၂၈ရက်နေ့ နေ့စွဲနဲ့ လိပ်မူပြီး NLD ပါတီဟာ တရားဝင် ပါတီ မဟုတ်တော့ကြောင်း နဲ့ ပါတီရဲ့ ဆောင်ရွက်ချက်တွေဟာ တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေကြောင်း၊ ဒါကြောင့် ဥပဒေနဲ့ အညီ လိုက်နာ ဆောင်ရွက်ဘို့ စာတစောင် ပေးပို့ခဲ့ပါတယ်။
အလားတူ အစိုးရထုတ် သတင်းစာတွေမှာ ဒေါ်အောင်ဆန်းစုကြည် နယ်ခရီးထွက်ဖို့ ရှိပြီး အရင် အတွေ့အကြုံတွေ အရ ဒီခရီးစဉ်မှာ ရုတ်ရုတ်သဲသဲ ဖြစ်မှာကို စိုးရိမ်တယ်လို့ ရေးသားထားတဲ့ ဆောင်းပါးတပုဒ်လည်း ဖေါ်ပြထားပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနက သတိပေးစာ နဲ့ပတ်သက်ပြီး NLD ပါတီက ပြည်ထဲရေး ဝန်ကြီးထံ ဒီကနေ့ ပြန်ကြားချက်စာတစောင် ပို့ခဲ့သလို ဒီစာကို ပါတီက ကြေညာချက် အဖြစ် ဒီကနေ့ နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တာပါ။ ကြေညာချက်မှာ NLD ပါတီရဲ့ ရပ်တည်ချက်ကို ဖေါ်ညွန်း ရေးသားထားတာ ဖြစ်သလို ပြည်ထဲရေး ဝန်ကြီးနဲ့ တွေ့ဆုံ ဆွေးနွေးနိုင်ရေးကို ပန်ကြားထားတယ်လို့ ပါတီ ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။
NLD ကို ပြည်ထဲရေး ဝန်ကြီးဌာနက ဒီကနေ့ သတိပေး အကြောင်းကြားတာနဲ့ ပတ်သက်လို့ ဗြိတိန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ Burma Campaign UK က ဝေဖန်ရှုတ်ချလိုက်ပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အရေးယူ ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ကို တိုက်တွန်းလိုက်ပါတယ်။
မြန်မာအစိုးရ ရေးသားပြောဆိုပုံ အသုံးအနှုန်းဟာ ၂၀၀၃ ခုနှစ် ဒီပဲယင်း တိုက်ခိုက်မှု မတိုင်ခင်က မြန်မာ စစ်အာဏာရှင်တွေက အသုံးပြုခဲ့တဲ့ အသုံးအနှုန်း ဖြစ်ကြောင်း၊ ဒါ့ကြောင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း အနေနဲ့ မြန်မာနိုင်ငံ အပေါ် စောင့်ကြည့် လေ့လာရေး မူဝါဒကို စွန့်လွတ်ဖို့ အချိန်တန်ပြီ ဖြစ်ကြောင်း အဖွဲ့ရဲ့ အမှုဆောင် ညွန်ကြားရေးမှူး Anna Roberts က ပြောပါတယ်။