Pussy Riot တီးဝိုင်းအဖွဲ့ဝင် ပြန်လွှတ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ရုရှနိုင်ငံမှာ အစိုးရက ဖမ်းဆီးထားတဲ့ Pussy Riot ခေါ် နာမည်ကျော် အမျိုးသမီး ခေတ်ပေါ်ဂီတ တီးဝိုင်းအဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

နယူးယောက်မြို့အခြေစိုက် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က ကြာသပတေးနေ့မှာ ကျင်းပခဲ့တဲ့ ဂုဏ်ပြုပွဲမှာ Pussy Riot အဖွဲ့ဝင်တစ်ယောက်ရဲ့ မိသားစုဝင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုပန်းစည်း ပေးအပ်ခဲ့ပါတယ်။

အဲဒီနောက် Pussy Riot အဖွဲ့နဲ့ ပတ်သက်တဲ့ မေးခွန်းကို ဖြေကြားခဲ့ရာမှာ - ဘယ်သူမဆို ကိုယ်ဆိုချင်တဲ့သီချင်း၊ ဘာသီချင်းပဲဖြစ်ဖြစ် သီဆိုခွင့်ရှိပါတယ်။ ဒါကို တားဆီး ပိတ်ပင်စရာ အကြောင်းမရှိပါဘူး။ အဲ သီချင်း အဆိုမကောင်းရင်တော့ တစ်မျိုးပေါ့ လို့ ဒေါ်အောင်ဆန်းစုကြည်က ဟာသစွက်ပြီး ပြောဆိုခဲ့ပါတယ်။

ရုရှနိုင်ငံမှာ ၂၀၁၁ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ Pussy Riot အမျိုးသမီး ပန့်ရော့ခ်တီးဝိုင်းဟာ ရုရှ နိုင်ငံရေးလောကအပေါ် သရော်ဝေဖန်တဲ့ သီချင်းတွေ၊ ပြကွက်တွေ သီဆိုတင်ဆက်တဲ့ တီးဝိုင်းဖြစ်ပါတယ်။

Pussy Riot အဖွဲ့ဟာ ဘတ်စ်ကား ခေါင်မိုးပေါ်၊ ငြမ်းစင်ပေါ် စတဲ့ အများမထင်မှတ်တဲ့ နေရာတွေ၊ မော်စကို ရင်ပြင်နီလို ပွဲကျင်းပခွင့် မရှိတဲ့နေရာတွေမှာ ကြိုတင်ကြေညာမထားဘဲ ရုတ်တရက် သီဆိုပြသလေ့ ရှိပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လက မော်စကိုမြို့မှာ ထင်ရှားတဲ့ ခရစ်ယာန် ဘုရားကျောင်း တစ်ခုအတွင်း ဝင်ရောက်ပြီး ရုရှ သမ္မတ Vladimir Putin ကို လှောင်ပြောင်သရော်တဲ့ သီချင်းတစ်ပုဒ် သီဆိုခဲ့ကြတဲ့အတွက် Pussy Riot အဖွဲ့ဝင် သုံးယောက် ဖမ်းဆီးခံခဲ့ရပြီး ရမ်းကားမှုနဲ့ ထောင်ဒဏ် (၂) နှစ်စီ ချမှတ်ခံခဲ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org