အာစီယံ အလှည့်ကျဥက္ကဋ္ဌ အရေး အားလုံးလက်ခံနိုင်တဲ့အဖြေ ရမယ်လို့ယုံကြည်

၂ဝ၁၄ ခုနှစ်မှာ မြန်မာနိုင်ငံ အာစီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူရေးနဲ့ ပတ်သက်ပြီး အာစီယံ ခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံသားတွေ အပါအဝင် အာစီယံပြည်သူတွေ အားလုံးအတွက် အကောင်းဆုံးဖြစ်မယ့် ဆုံးဖြတ်ချက်ကို ချမှတ်နိုင် လိမ့်မယ်လို့ ယုံကြည်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က မနေ့က ပြောဆိုလိုက်ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတလီဂါဝါတို့ ၂ဝ၁၁ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် တွေ့ဆုံဆွေးနွေးအပြီး သတင်းထောက်များနှင့် စကားပြောနေစဉ်။ AFP

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါတို့ဟာ မနေ့က ည ၇ နာရီ ကနေ ၈ နာရီအထိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။

ဆွေးနွေးပွဲအပြီး အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက သတင်းထောက် တွေကို ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဟန်သာမြင့်က - ၂ဝ၁၄ ခုနှစ်မှာ မြန်မာနိုင်ငံက အာစီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူရေးကိစ္စ ပြောဆိုဖြစ်တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်တေ ကို ပြောဆိုခဲ့ကြောင်း၊ တခြား ဘာမှ မပြောဆိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး အာစီယံ ခေါင်းဆောင်တွေက မြန်မာနဲ့ အာစီယံ ပြည်သူတွေ လက်ခံနိုင်မယ့် ဆုံးဖြတ်ချက်မျိုး ချမှတ်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့တယ်လို့ နာတာလီဂါဝါက ဆိုကြောင်း ဦးဟန်သာမြင့်က အာအက်ဖ်အေကို ပြောပါတယ်။

လာမယ့် နိုဝင်ဘာလ ၁၄ ရက်ကနေ ၁၉ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ အာစီယံ ထိပ်သီး အစည်းအဝေး ကျင်းပဖို့ ရှိပါတယ်။ ၂ဝ၁၄ ခုနှစ်အတွက် အလှည့်ကျဥက္ကဋ္ဌ တာဝန် ယူလိုကြောင်း မြန်မာနိုင်ငံက တင်ပြထားတာကို အဲဒီ အစည်းအဝေးမှာ ဆုံးဖြတ်လိမ့်မယ်လို့ ပြောဆိုနေကြပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံကို ၃ ရက်ကြာ ရောက်ရှိခဲ့ပြီး မြန်မာအစိုးရအပြင် နိုင်ငံရေး အဖွဲ့အစည်းတွေ၊ လူမှုရေး အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ် ပြောင်းလဲမှုတွေကို လေ့လာခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးအပြီးမှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဟာ မနေ့က ည ၉ နာရီခွဲကလည်း ရန်ကုန်မြို့က ဆီဒိုးနား ဟိုတယ်မှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org