ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံ သွားရောက်မည်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယနိုင်ငံကို လာမယ့် နိုဝင်ဘာလမှာ သွားရောက်မှာ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် မေလ ၂၉ ရက်က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းတို့ တွေ့ဆုံစဉ်။ Photo courtesy of NLD

မိခင်ဒေါ်ခင်ကြည် မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အိန္ဒိယနိုင်ငံကို နှစ် (၄၀) အတွင်း ပထမဆုံး အကြိမ်အဖြစ် သွားရောက်မှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာ ၁၄ ရက်မှာ  နယူးဒေလီမြို့မှာ ကျင်းပမယ့် ဂျာဝါဟလာနေရူး အောက်မေ့ဖွယ် ဟောပြောပွဲမှာ ဟောပြောပို့ချမယ်လို့  သံတမန်တဦးက ပြောပါတယ်။ ခရီးစဉ်အသေးစိတ်ကို အပြီးသတ် မရေးဆွဲရသေးပေမဲ့ အိန္ဒိယနိုင်ငံကို နိုဝင်ဘာ (၁၂)  ရက်မှာ ထွက်ခွာမယ်လို့  ဆိုပါတယ်။ အိန္ဒိယ သတင်းစာတွေကတော့ နိုဝင်ဘာ (၁၃) ရက်နေ့မှာ ရောက်ရှိမယ်လို့ ဆိုပါတယ်။

အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ရန်ကုန်မှာ တွေ့ဆုံချိန်က နေရူးအောက်မေ့ဖွယ် ဟောပြောပွဲမှာ ဟောပြောဖို့ ဝန်ကြီးချုပ်က ဖိတ်ကြားခဲ့တာပါ။

မိခင်ဒေါ်ခင်ကြည်ဟာ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ၁၉၆၀ ပြည့်နှစ်မှာ ခန့်အပ်ခံရပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်ဟာ နယူးဒေလီမြို့မှာ ပညာသင်ကြားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org