ဒေါ်အောင်ဆန်းစုကြည် ကိုလံဘီယာတက္ကသိုလ်တွင် မိန့်ခွန်းပြော
2012.09.23

“ကိုယ်ရင်ဆိုင်ဖြေရှင်းရမယ့် ပြဿနာတစ်ရပ်ကို ကြုံလာတိုင်းမှာ ကိုယ်လုပ်နိုင်မယ့်ကိစ္စကို တစ်ထစ်ချင်း၊ တစ်ဆင့်ချင်း ကိုင်တွယ်ပါ။ ပထမဆုံး ငါဘာလုပ်ရမလဲ ဆိုတာကို တစ်ဆင့်စီ စဉ်းစားပါ။ ဒီနောက်မှာ ဒါလုပ်မယ်။ တတိယအဆင့်အဖြစ် ဒါလုပ်မယ် ဆိုတာမျိုးပေါ့။ အဲသလို လုပ်သွားတဲ့အခါမှာ စိတ်လည်း တည်တည်ငြိမ်ငြိမ်ရှိပြီး အများကြီး လွယ်ကူသွားပါတယ်။ ကျွန်မဘဝမှာ ပြဿနာတွေကို ဒီနည်းနဲ့ပဲ ရင်ဆိုင်ဖြေရှင်းခဲ့ပါတယ်"
နေအိမ်အကျယ်ချုပ်ဘဝနဲ့ နေခဲ့ရတဲ့အချိန်တွေမှာ ဘယ်လိုနေခဲ့တယ်ဆိုတာနဲ့ ပတ်သက်လို့ ပြောရာမှာတော့ “ကျွန်မတရားထိုင်တယ်။ ကျွန်မစာဖတ်တယ်။ ရေဒီယို နားထောင်တယ်။ ကာယလေ့ကျင့်ခန်း လုပ်တယ်၊ ကျွန်မဟာ ကမ္ဘာပေါ်မှာ အကျန်းမာဆုံး နိုင်ငံရေး အကျဉ်းသားလို့ ထင်ပါတယ်" လို့ ဟာသနှောပြီး ပြောသွားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ စာသင်ကျောင်းတွေ၊ တက္ကသိုလ်တွေကို ကူညီချင်တယ်ဆိုရင် ဘယ်လိုအခြေအနေလဲဆိုတာ သိရှိနိုင်အောင် ကိုယ်တိုင်လာရောက်လည်ပတ်ပြီး မြန်မာနိုင်ငံက လူငယ်တွေ၊ ကျောင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးပါ။ ဒါမှသာ ဘယ်လိုကူညီနိုင်မလဲ ဆိုတာကို သိရှိမှာပါလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားပါတယ်။