ဝိုင်းမော်မှာ လက်နက်ကြီးကြောင့် လေးဦး ဒဏ်ရာရ
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နောင်တာလောကျေးရွာကို မေလ ၂၅ ရက်နေ့ညပိုင်းမှာ စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ပစ်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် လေးဦး ဒဏ်ရာရခဲ့တယ်လို့ ဝိုင်းမော်မြို့ခံတွေက ပြောပါတယ်။
-
RFA Burmese
2024-05-26 -
-
-
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နောင်တာလောကျေးရွာကို မေလ ၂၅ ရက်နေ့ညပိုင်းမှာ စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ပစ်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် လေးဦး ဒဏ်ရာရခဲ့တယ်လို့ ဝိုင်းမော်မြို့ခံတွေက ပြောပါတယ်။
အသက် ၃၀ ကျော်အရွယ်တွေဖြစ်တဲ့ ကိုကျော်သူနဲ့ မသိင်္ဂီထွန်းတို့အပြင် အသက် ၈ နှစ်အရွယ် မယွန်းသိင်္ဂီနဲ့ ၄ နှစ်အရွယ် မောင်ထွန်းအောင်ကျော်တို့မိသားစု ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဝိုင်းမော်မြို့ခံတစ်ဦးကတော့ ဒဏ်ရာရသူတွေကို မြစ်ကြီးနားဆေးရုံဆီ ဆေးကုသဖို့ ပို့ဆောင်ပေးထားတယ်လို့ RFA ကို ပြောပါတယ်။
"ဒီနေ့မနက် ၆ နာရီကျော်မှ ဆေးရုံပို့ရတယ်။ မနေ့ညကဖြစ်တယ်ဆိုပေမဲ့ ဘယ်သူမှ လာမခေါ်ရဲကြဘူးလေ။ မပခဘက်က အသားကုန်ပစ်နေတော့။ မိသားစုလိုက် ထိတာပေါ့။ အုတ်ဖိုလုပ်တဲ့ အလုပ်သမားတွေ သူတို့အိမ် အနောက်ဘက်ကိုကျပြီး မှန်တာပေါ့"
ဒဏ်ရာရသူတွေဟာ လက်မောင်း၊ ကျောနဲ့ ခေါင်းတို့မှာ လက်နက်ကြီးအပိုင်းအစတွေ ထိမှန်ခဲ့ပြီး အသက်အန္တရာယ်တော့ မစိုးရိမ်ရတော့ဘူးလို့ ဆိုပါတယ်။
မနေ့က တစ်ရက်တည်းမှာပဲ မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အထဲကနေ ဝိုင်းမော်မြို့နယ်ကို လက်နက်ကြီးဆယ်လုံးကျော် ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။
RFA ကပြုစုထားတဲ့စာရင်းအရ ပဋိပက္ခတွေအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့လက်နက်ကြီးကြောင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကနေ မတ်လအထိ သေဆုံးသူ စုစုပေါင်း ၃၉၇ ဦးနဲ့ ဒဏ်ရာရသူက ၈၈၉ ဦးအထိ ရှိနေပါတယ်။