ကလေးမှာ လက်နက်ကြီးကြောင့် လေးဦး သေဆုံး၊ ခုနစ်ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ တင်သားရွာမှာ မေလ ၂၉ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားလေးဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တင်သားရွာမှာ ၂၀၂၂၊ ဖေဖော်ဝါရီ ၆ ရက်နေ့က လက်နက်ကြီးကျည်ထိမှန်ပြီး ပျက်စီးသွားသည့် နေအိမ်တစ်လုံးကို တွေ့ရစဉ်။ Citizen Journalist

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ တင်သားရွာမှာ မေလ ၂၉ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားလေးဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူတွေက အသက် ၅၀ အရွယ် ဦးနိုင်ဦး၊ သမီးဖြစ်သူ ၂၅ နှစ်အရွယ် မလှိုင်သဇင်ဖြိုး အပါအဝင် အသက် ၄၀ နှစ်အရွယ် ဒေါ်လှဌေးနဲ့ ၄၈ နှစ်အရွယ် ဒေါ်စန်းဌေးတို့ ဖြစ်ပါတယ်။ ဒဏ်ရာရထားတဲ့ ခုနစ်ဦးထဲမှာတော့ ကလေးနှစ်ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

တင်သားရွာနဲ့ သုံးမိုင်အကွာ ကြန်သာရွာမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းတပ်စခန်းကနေ ၈၁ မမ လက်နက်ကြီးတစ်လုံး ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တင်သားရွာခံတစ်ဦးက ပြောပါတယ်။

“သူတို့က ဘာမှ အကြောင်းမရှိဘဲနဲ့ ပစ်တာ။ အိမ်ထဲကျတာပေါ့။ အိမ်မှာ စုထိုင်နေကြတဲ့အချိန် အိမ်နားနီးချင်းတွေရော၊ အိမ်အလည်လာတာတွေရော ထိတာပေါ့။ တစ်လုံးတည်းပစ်တာ အားလုံးပေါင်း ၁၁ ယောက် ဒဏ်ရာရတာ။ အဲဒီထဲက အခုချိန်ထိ သေသွားတာ လေးယောက်ရှိသွားပြီပေါ့ဗျာ”

လက်နက်ကြီးစ ထိမှန်ဒဏ်ရာရတဲ့ ခုနစ်ဦးထဲမှာလည်း လက်ပြတ်၊ ခြေထောက်ကျိုး၊ ရင်ဘတ်ဒဏ်ရာတွေကြောင့် စိုးရိမ်ရသူတွေရှိနေပြီး ဆေးကုသဖို့ အကူအညီတွေလည်း လိုအပ်နေတယ်လို့ သူက ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ကလေးမြို့နယ်တောင်ပိုင်းမှာရှိတဲ့ တင်သားရွာဟာ အိမ်ခြေ ၁၆၀၀ ကျော်၊ လူဦးရေ ကိုးထောင်ခန့်ရှိတဲ့ ရွာကြီးတစ်ရွာဖြစ်ပြီး မကြာခဏ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာတွေကြောင့် ဒေသခံတချို့လည်း ရွှေ့ပြောင်းနေထိုင်နေကြတယ်လို့ ဆိုပါတယ်။

မေလ ၃ ရက်နေ့နဲ့ မေလ ၁၇ ရက်နေ့တွေကလည်း လက်နက်ကြီးကြောင့် တင်သားရွာမှာ ဒေသခံနှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာခဲ့သလို အာဏာသိမ်းကာလသုံးနှစ်ကျော်အတွင်းမှာတော့ လက်နက်ကြီးကြောင့် တင်သားရွာသား ဆယ်ဦးခန့် သေဆုံးပြီး ငါးဆယ်ခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org