ဆီဆိုင်မှာ လက်နက်ကြီးကြောင့် ဒေသခံလေးဦး ဒဏ်ရာရ
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ထဲက ရွာတွေဘက်ကို မြို့အဝင်မှာရှိတဲ့ ခြေမြန်တပ်ရင်း ခမရ (၄၂၃) က လက်နက်ကြီးနဲ့ပစ်ခဲ့တာကြောင့် ဒေသခံလေးဦး ဒဏ်ရာရခဲ့တယ်လို့ အဲဒီရွာခံတွေက ပြောပါတယ်။
-
RFA Burmese
2024-04-27 -
-
-
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ထဲက ရွာတွေဘက်ကို မြို့အဝင်မှာရှိတဲ့ ခြေမြန်တပ်ရင်း ခမရ (၄၂၃) က လက်နက်ကြီးနဲ့ပစ်ခဲ့တာကြောင့် ဒေသခံလေးဦး ဒဏ်ရာရခဲ့တယ်လို့ အဲဒီရွာခံတွေက ပြောပါတယ်။
ဧပြီလ ၂၅ ရက်နေ့မှာ နမ့်တောင်ရွာကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ကလေးတစ်ဦး အပါအဝင် သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဧပြီလ ၂၄ ရက်နေ့ကလည်း နောင်ကျောကျေးရွာအုပ်စု၊ လုံးဖိုးရွာကို တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၆၀ ကျော်အရွယ် ပအိုဝ်းအမျိုးသမီးကြီးတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ တိုက်ပွဲမရှိလည်း ဆိုင်ဆီမြို့ ပတ်ပတ်လည်ရွာတွေကို လက်နက်ကြီးနဲ့ နေ့စဉ်ပစ်နေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“စကစ လက်နက်ကြီးနဲ့ပဲ မဟုတ်ဘူး၊ လေကြောင်းနဲ့ရော ဒရုန်းနဲ့ပါ ရွာတွေကို နေ့တိုင်းလိုလိုကို ပစ်ခတ်နေတာ။ အခုကလည်း စစ်ရှောင်တွေစုနေတဲ့ နေရာနားမှာ ကျရောက်ပေါက်ကွဲတော့ လူတွေထိခိုက်ကုန်တာပေါ့။ တချို့ရွာတွေမှာက လူတွေရှိသေးတယ်။ တချို့ရွာတွေကတော့ မရှိတော့ဘူး။ အရပ်သား ရှိတာဖြစ်ဖြစ်၊ မရှိတာဖြစ်ဖြစ် သူတို့က (စကစ) ဂရုမစိုက်ဘူး"
လက်နက်ကြီးကြောင့် ဒဏ်ရာရသူတွေကတော့ လက်ရှိ တောင်ကြီးဆေးရုံးကြီးမှာ ဆေးကုသမှုခံယူနေပြီး အသက်အန္တရာယ်တော့ စိုးရိမ်စရာမရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင် ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ညောင်ရွှေ၊ ဟိုပုံးနဲ့ ပင်လောင်းမြို့နယ်တွေမှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့ကနေ ဧပြီလ ၂၀ ရက်နေ့အထိ တိုက်ပွဲအတွင်း အရပ်သား ၆၆ ဦး သေဆုံးခဲ့ပြီး ၇၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းရုံး (PYO) က ဧပြီလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။