မတ္တရာမှာ လက်နက်ကြီးကြောင့် ကလေးငယ်အပါအဝင် ငါးဦး ဒဏ်ရာရ

မတ္တရာမြို့နယ် ဆိပ်သာရွာထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ၁၁ လသားအရွယ် ကလေးငယ်အပါအဝင် မိသားစုငါးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးရှို့ခံရသည့် မတ္တရာမြို့နယ်အရှေ့ခြမ်း ဆိပ်သာရွာ နေအိမ်များကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့က တွေ့ရစဥ်။ Facebook/ ရောင်နီနွေဦး

မန္တလေးတိုင်း မတ္တရာမြို့နယ် ဆိပ်သာရွာထဲကို မတ်လ ၂၃ ရက်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ၁၁ လသားအရွယ် ကလေးငယ်အပါအဝင် မိသားစုငါးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က အင်အား နှစ်ရာနီးပါးနဲ့ မတ္တရာမြို့နယ် အရှေ့ခြမ်းရွာတွေကို စစ်ကြောင်းထိုးပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့နေတာလို့ ဆိုပါတယ်။

ဒဏ်ရာရသူတွေဟာ ၁၁ လအရွယ် ကလေးငယ်နဲ့ မိဘနှစ်ဦးအပြင် ၁၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးတို့ဖြစ်တယ်လို့ ကယ်ဆယ်ရေးလုပ်ခဲ့သူတစ်ဦးက ပြောပါတယ်။

“သူတို့အိမ်မှာ လက်နက်ကြီးကျလို့ အစမှန်တာ။ တည့်တည့်ကျတာ မဟုတ်လို့ ။ ကလေးငယ်ကတော့ မစိုးရိမိုးရိမ်ရဘူးပေါ့။ လက်နက်ကြီးကျတော့ မိဘနှစ်ယောက်လုံးက ကလေးကို ခုန်အုပ်လိုက်လို့ပေါ့။ မိဘတွေ ဒဏ်ရာကတော့ နည်းနည်းပြင်းတာပေါ့။ တစ်ယောက်က ၁၆ နှစ်အရွယ် တစ်ယောက်ရယ်၊ သူတို့အဖိုးရယ်ပေါ့”

ဒဏ်ရာရသူတွေရဲ့ အမည်နဲ့ အသေးစိတ်အချက်အလက်တွေကို RFA ကမသိရသေးပါဘူး။

ဒီအပြင်ဆိပ်သာရွာ၊ အုန်းကုန်း၊ ကွေ့ကြီး၊ ကျွဲတပ်နဲ့ ကျွဲကျရွာတွေက နေအိမ် ၆၃ လုံးမီးရှို့ခံခဲ့ရတယ် မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

မတ်လ ၂၆ ရက်မှာတော့ မတ္တရာမြို့နယ် အနောက်ခြမ်းရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေလို့ ရွာငါးရွာက အရပ်သားတစ်ထောင်ကျော် ထွက်ပြေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

ပဋိပက္ခတွေကြောင့် မတ္တရာမြို့နယ်မှာ အမြဲတမ်း တိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် ၂၅၀၀ ကျော်ရှိပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org