ကလေးမြို့က စံလှ ပုံနှိပ်တိုက်ပိုင်ရှင် အဖမ်းခံရ
စစ်ကိုင်းတိုင်း ကလေးမြို့ အောင်မြေမာန်ရပ်ကွက်၊ နယ်မြေ (၃/၆၁) မှာ နေထိုင်တဲ့ စံလှ ပုံနှိပ်တိုက်ပိုင်ရှင် ဦးဝင်းဇော်ဟာ မြို့ပေါ်က အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေအတွက် စတစ်ကာတွေနဲ့ စာရွက်စာတမ်းတွေ ရိုက်နှိပ်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဧပြီလ ၂၈ ရက် မနေ့ နေ့လယ်ပိုင်းက ဖမ်းဆီးခံလိုက်ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
- 2022-04-29
-
-
-
စစ်ကိုင်းတိုင်း ကလေးမြို့ အောင်မြေမာန်ရပ်ကွက်၊ နယ်မြေ (၃/၆၁) မှာ နေထိုင်တဲ့ စံလှ ပုံနှိပ်တိုက်ပိုင်ရှင် ဦးဝင်းဇော်ဟာ မြို့ပေါ်က အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အတွက် စတစ်ကာတွေနဲ့ စာရွက်စာတမ်းတွေ ရိုက်နှိပ်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဧပြီလ ၂၈ ရက် မနေ့ နေ့လယ်ပိုင်းက ဖမ်းဆီးခံလိုက်ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
သူ့ရဲ့ဆိုင်ကို စစ်တပ်က ဝင်ရောက်ရှာဖွေပြီးနောက် ဖမ်းဆီးခံခဲ့ရတာလို့ သူနဲ့ နီးစပ်တဲ့ ကလေးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"စစ်တပ်က သူ့ဆိုင်ကို ဝင်ရှာတာပေါ့။ စံလှ ပုံနှိပ်တိုက်ကို ဝင်ရှာတဲ့အခါမှာ ကလေးမြို့က သပိတ်လှုပ်ရှားမှုတွေမှာ ပါတဲ့ စတစ်ကာတွေ ရိုက်ပေးတယ်ပေါ့။ ပြီးတော့ ငွေရေးကြေးရေးလည်း မယူဘဲနဲ့ လုပ်ပေးတဲ့သဘောလို့လည်း သိရတယ်။ သူ့နာမည်က ဦးဝင်းဇော်။ အဖမ်းခံရတာ သူတစ်ယောက်တည်းပါ"
ဦးဝင်းဇော် အဖမ်းမခံရမီ ကလေးမြို့ ပင်မသပိတ်စစ်ကြောင်း ဦးဆောင်သူ ကိုကျော်စိုးစိုး လည်း အဖမ်းခံခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း နိုင်ငံရေးလှုံ့ဆော်စာတွေကို ပုံနှိပ်ပေးလို့ ဆိုပြီး ရန်ကုန်မြို့က ဆန်းကြယ် ပုံနှိပ်တိုက်ကို စစ်တပ်က ပိတ်သိမ်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နဲ့ ၇ ရက်နေ့တွေကလည်း ရွှေလာဘ် စာပေနဲ့ စာအုပ်ထုတ်ဝေရေး လုပ်ငန်း၊ ရန်အောင် စာပေနဲ့ စာအုပ်ထုတ်ဝေရေးလုပ်ငန်း၊ ဝင်းတိုးအောင် ပုံနှိပ်တိုက် တို့ကိုလည်း ဘာသာရေး၊ မြန်မာ့ယဥ်ကျေးမှုတွေနဲ့ မကိုက်ညီဘူးဆိုတဲ့အကြောင်းပြချက်နဲ့ လုပ်ငန်းလိုင်စင်တွေ ရုပ်သိမ်းခံခဲ့ရပါတယ်။