ICJ ကိစ္စ တပ်မတော်စိုးရိမ်မှုမရှိ၊ အစိုးရညွှန်ကြားချက်အတိုင်း လိုက်နာမည်

ရခိုင်မြောက်ပိုင်းကိစ္စနဲ့ ပတ်သက်ပြီး အိုင်စီဂျေကြားဖြတ်အမိန့်အပေါ် စိုးရိမ်ပူပန် မနေဘဲ၊ အစိုးရရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်သွားမယ်လို့ ဒုတိယ စစ်ဥပဒေချုပ်ဗိုလ်ချုပ် သောင်းနိုင် က ဒီကနေ့ နေပြည်တော်မှာလုပ်တဲ့ တပ်မတော်သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားလိုက်ပါတယ်။

တပ်မတော်သတင်းစာရှင်းလင်းပွဲကို နေပြည်တော်မှာ ၂၀၂၀ ဇန်နဝါရီ ၂၃ ရက်နေ့ကပြုလုပ်စဉ် Photo: Thiha Tun/RFA

ရခိုင်မြောက်ပိုင်းကိစ္စနဲ့ ပတ်သက်ပြီး အိုင်စီဂျေကြားဖြတ်အမိန့်အပေါ် စိုးရိမ်ပူပန်မနေဘဲ၊ အစိုးရရဲ့ ညွှန်ကြားချက် အတိုင်း လိုက်နာဆောင်ရွက်သွားမယ်လို့ ဒုတိယစစ်ဥပဒေချုပ်ဗိုလ်ချုပ် သောင်းနိုင် က ဒီကနေ့ နေပြည်တော်မှာ လုပ်တဲ့ တပ်မတော်သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားလိုက်ပါတယ်။

ဒီကနေ့ နေပြည်တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သတင်း‌ထောက်တစ်ဦးက အိုင်စီ‌ဂျေ ကြားဖြတ်အမိန့်အပေါ် စိုးရိမ်ပူပန်မှုရှိသလားလို့ မေးမြန်းရာမှာ တပ်မတော် ဒုတိယစစ်ဥပဒေချုပ်ဗိုလ်ချုပ် သောင်းနိုင် က “စိုးရိမ်ပူပန်မှုမရှိဘူး အစိုးရရဲ့ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်သွားမယ်” လို့ ပြန်လည်ဖြေကြားသွားပါတယ်။

အိုင်စီဂျေအမှုနဲ့ဆက်စပ်ပြီး ဂူတာပြင်အမှုအခြေအနေအကြောင်း မေးမြန်းရာမှာတော့ “လောလောဆယ် တရားလိုတွေကို စစ်ဆေးနေပြီး၊ တရားလိုတွေပြီးရင် တရားခံတွေကို ဆက်စစ်မယ်” လို့ ဆိုပါတယ်။အမှုမပြီးသေး တာကြောင့် အသေးစိတ်ကို ပြောလို့မရသေးဘူးလို့ ဗိုလ်ချုပ် သောင်းနိုင်က ရှင်းပြပါတယ်။ ***

ပြီးခဲ့တဲ့ တနင်္လာနေ့က သမ္မတထံ အပြီးသတ်တင်သွင်းခဲ့တဲ့ လွတ်လပ်တဲ့စုံစမ်းရေးကော်မရှင် ICOE ရဲ့ အစီရင်ခံစာကို တပ်မတော်က အသေးစိတ်ဖတ်ကြားနေတယ်လို့လည်း ဗိုလ်ချုပ် သောင်းနိုင် က ဆိုပါတယ်။ ပြစ်မှုကျူးလွန်တာရှိရင် အပြစ်ရှိသူတွေကို စစ်ခုံရုံးဖွဲ့ပြီး အရေးယူသွားမယ်လို့လည်း ဗိုလ်ချုပ် သောင်းနိုင် က ရှင်းပြသွားပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့က တိုက်ပွဲတွေကြောင့် ရှေးဟောင်းဘုရားတွေ ထိခိုက်ပျက်စီးမှုနဲ့ ပတ်သက်ပြီး RFA က မေးမြန်းရာမှာတော့ တပ်မတော်အနေနဲ့ ရှေးဟောင်းဘုရားတွေမှာ တပ်စွဲထားတာမရှိဘူးလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှုးချုပ် ဇော်မင်းထွန်း က ပြောပါတယ်။ အေအေအဖွဲ့ကသာ ပြီးခဲ့တဲ့ရက်ပိုင်းက မြောက်ဦးမြို့ထဲက စေတီတစ်ဆူအနီးမှာ ရဲတပ်ဖွဲ့ဝင်မိသားစုတွေ သွားလာလို့ဆိုပြီး ဘုရားခြေရင်းမှာ မိုင်းထောင်ဖောက်ခွဲခဲ့တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က စွပ်စွဲပါတယ်။

ဒီကိစ္စနဲပတ်သက်ပြီး ရခိုင့်တပ်တော်အေအေ ပြောခွင့်ရ ခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ အဲဒီကိစ္စကို အေအေဘက်က မကျူးလွန်ခဲ့ကြောင်း၊ ဒီကိစ္စဖြစ်ချိန်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံကို လာရောက်လည်ပတ်ချိန်ဖြစ်တာကြောင့် တပ်မတော်ဘက်က အေအေအပေါ် လုပ်ကြံစွပ်စွဲတာသာဖြစ်ကြောင်း တုန့်ပြန်ချေပသွားပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြား‌ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် စိုးနိုင်ဦး ကလည်း အရင်ကဆိုရင် ရခိုင်ပြည်နယ်မှာ တိုက်ပွဲနေရာ၊ လူထုနေရာရယ်လို့ သီးခြားရှိခဲ့ပေမဲ့ အခုနောက်ပိုင်းမှာတော့ အေအေက လူထုအကြားမှာ တိုက်ကွက်တွေ ဖေါ်လာကြောင်း၊ ဒါကြောင့် ရခိုင်ပြည်သူတွေ နေထိုင်ရတဲ့နေရာကျဉ်းမြောင်းလာပြီး အရပ်သား သေဆုံးထိခိုက်မှုတွေ ပိုများလာ‌‌‌ကြောင်း ပြစ်တင်ပြောဆိုပါတယ်။

ရခိုင့်တပ်တော် အေအေ ပြောခွင့်ရ ခိုင်သုခကတော့ ဒီစွပ်စွဲချက်အပေါ် ပြန်လည်ငြင်းဆိုထားပြီး၊ အရပ်သားတွေ ဟာ နှစ်ဖက်တိုက်ပွဲအကြား သေဆုံးခဲ့တာမဟုတ်ဘဲ တပ်မတော်ရဲ့ ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် သေဆုံးရတာ လို့ တုန့်ပြန်စွပ်စွဲထားပါတယ်။

ဒီကနေ့ရှင်းလင်းပွဲအတွင်း တပ်မတော်ရေတပ်အင်အား တိုးချဲ့နေတဲ့ကိစ္စအပေါ် သတင်းထောက် တစ်ဦးက မေးမြန်းရာမှာတော့ “၂၀၃၀ မှာ ရေငုပ်သင်္ဘောအုပ်စု ပိုင်ဆိုင်ရေးဟာ တပ်မတော်ရဲ့ ရည်မှန်းချက်ဖြစ်ပြီး စစ်တိုက်စရာမလိုဘဲ အာလုံးရဲ့ အရိုအသေရအောင် လုပ်ဆောင်နေတယ်”လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောကြားသွားပါတယ်။

တပ်မတော်အနေနဲ့ နိုင်ငံရေးကနေ ဘယ်တော့ဆုတ်ခွာမှာလဲဆိုတဲ့အမေးကိုတော့ ဗိုလ်ချုပ် စိုးနိုင်ဦးက “ဒီကနေ့ တိုင်းပြည်လုံခြံရေး အခြေအနေအရ တပ်မတော်ဟာ အမျိုးသားအကျိုးစီးပွားကို ကာကွယ်နေတာဖြစ်ကြောင်း” ခုခံ ပြောဆိုသွားပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲလုပ်တဲ့ ဒီကနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့မှာပဲ ဂမ်ဘီယာက မြန်မာအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စွဲထားတဲ့ ကိစ္စနဲပတ်သက်ပြီး အိုင်စီဂျေ-နိုင်ငံတကာ တရားရုံးကနေ ချက်ချင်းအရေးယူဆောင်ရွက်ရမဲ့ ကြားဖြတ်အမိန့်တစ်ရပ်ကို ချမှတ်လိုက်ပါပြီ။ ဒီအမိန့်အရ ပြည်တွင်းမှာကျန်ရှိနေတဲ့ ရခိုင်မြောက်ပိုင်းက သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာမူဆလင်တွေအပေါ် မြန်မာ့တပ်မတော်က လူမျိုးတုံးသတ်ဖြတ်မှုလို့ ယူဆနိုင်တဲ့၊ ဂျီနိုဆိုက်ကို ဦးတည်သွားစေနိုင်တဲ့ မည်သည့်လုပ်ဆောင်ချက်ကို မဆို ရပ်တန့်ရမှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org