တပ်မတော် ရဟတ်ယာဉ်ပျက်ကျ ၃ ဦးသေဆုံး

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်၊ ဥသျှစ်ကုန်းကျေးရွာအနီးမှာ တပ်မတော် ရဟတ်ယာဉ်တစ်စီး ပျက်ကျပြီး တပ်မတော်သား သုံးဦး သေဆုံးခဲ့ပါတယ်။

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်အတွင်းမှာ ဇွန်လ ၁၄ ရက်နေ့က ပျက်ကျခဲ့တဲ့ တပ်မတော်ရဟတ်ယာဉ်တစ်စီးရဲ့ အစိတ်အပိုင်းတွေကို တွေ့ရစဉ် ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်၊ ဥသျှစ်ကုန်းကျေးရွာအနီးမှာ တပ်မတော်ရဟတ်ယာဉ်တစ်စီး ပျက်ကျပြီး တပ်မတော်သားသုံးဦး သေဆုံးခဲ့ပါတယ်။

အဲ့ဒီရဟတ်ယာဉ်ပျက်ကျမှုကြောင့် ဗိုလ်မှူးတစ်ယောက်၊ ဗိုလ်ကြီးတစ်ယောက်နဲ့ တပ်ကြပ်ကြီးတစ်ယောက် သေဆုံး သွားတယ်လို့ ဒိုက်ဦးမြို့နယ်ရဲစခန်းက ဒုရဲအုပ် ဇော်ဘုန်းထက်က ပြောပါတယ်။

"ဟုတ်ပါတယ်၊ တစ်ကယ်ပျက်ကျတာပါ၊ လကရ မိတ္ထီလာအကြီးစား စစ်ဆေးပြင်ဆင်ပြီးသွားသော MI - 2  ရဟယအမှတ် ၆၄၁၃ လို့သိရပါတယ်၊ ထိခိုက်ဒဏ်ရာကတော့ ဗိုလ်မှူးတစ်ယောက်၊ ဗိုလ်ကြီး တစ်ယောက်၊ တပ်ကြပ်ကြီးတစ်ယောက် ၃ ယောက်လုံး မီးလောင်ဒဏ်ရာနဲ့ သေဆုံးသွားပါတယ်"

ပျက်ကျသွားတဲ့ ရဟတ်ယာဉ်ဟာ MI-2 အမျိုးအစားဖြစ်ပြီး မိတ္ထီလာမြို့ကနေ မှော်ဘီကို ပျံသန်းလာစဉ် ပျက်ကျခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ ရဟတ်ယာဉ်ဟာ မိတ္ထီလာ လေတပ်စခန်းမှာ အကြီးစားပြင်ဆင်မှု ပြုလုပ်ပြီး မြိတ်မြို့က လေတပ်စခန်း ဌာနချုပ်ကိုအသွားမှာ ပျက်ကျခဲ့တာဖြစ်တယ်လို့ တပ်မတော် သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ရဟတ်ယာဉ်ပျက်ကျမှုကြောင့် သေဆုံးသွားသူတွေဟာ ရဟတ်ယာဉ်မှူး ဗိုလ်မှူး ရန်နိုင်ထူး၊ တွဲဖက် ရဟတ်ယာဉ်မှူး ဗိုလ်ကြီး ထွန်းထွန်းနိုင်နဲ့ တပ်ကြပ်ကြီး တင်ထွန်းလွင်တို့ ဖြစ်ပြီး ပျက်ကျမှုအခြေအနေကို စုံစမ်းနေတယ်လို့လည်း တပ်မတော် သတင်းထုတ်ပြန်ရေအဖွဲ့က ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org