ကွတ်ခိုင်မှာ လက်နက်ကြီးကျပြီး အရပ်သားတွေ သေဆုံးတာ မြောက်ပိုင်းအဖွဲ့လက်ချက်လို့ တပ်စွပ်စွဲ

ကွတ်ခိုင်မြို့နယ် မော်ဟစ်စုစည်းရွာထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့လို့ လူငါးဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့တာဟာ မြောက်ပိုင်းသုံးဖွဲ့ရဲ့ လက်ချက်လို့စွပ်စွဲပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ကွတ်ခိုင်မြို့မှာ လက်နက်ကြီးကျလို့ သေဆုံးခဲ့သူတွေရဲ့ နာရေးအခမ်းအနားကို ၂ဝ၁၉ စက်တင်ဘာ ၁ ရက်နေ့က ပြုလုပ်ခဲ့စဉ် Photo: Kan Thar/RFA

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မော်ဟစ်စုစည်းရွာထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့လို့ လူ ငါးဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့တာဟာ မြောက်ပိုင်းသုံးဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့ စွပ်စွဲပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့ မနက် ၉ နာရီကနေ ၁၁ နာရီအထိ ကွတ်ခိုင်မြို့ထဲနဲ့ နယ်မြေခံတပ်ရင်းဌာနချုပ်ဆီ လက်နက်ကြီးတွေနဲ့ လာရောက်နှောင့်ယှက်ပစ်ခတ်ခဲ့လို့ မော်ဟစ်စုစည်းရွာက ဒေါ်ထွယ်ရာ အပါအဝင် အရပ်သား ငါးဦး သေဆုံးပြီး၊ ဦးဂျုံဒေါင်း အပါအဝင် သုံးဦးတို့ ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တပ်မတော်က ရွာတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ရွာသူ၊ ရွာသားတွေ သေဆုံးဒဏ်ရာရရှိခဲ့တယ်လို့ သတင်းမှားတွေ ကောလာဟလတွေကို မြောက်ပိုင်းအဖွဲ့တို့က ထုတ်လွှင့်ခဲ့ကြောင်း ကွတ်ခိုင်မြို့ အရှေ့မြောက်ဘက် မန်ထန်ရွာ ကချင်ချပ်စ်ကျောင်းအနီးနဲ့ ကွတ်ခိုင်မြို့ အနောက်တောင်ဘက် ပန်ဆေးကျေးရွာအနီးကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ကတော့ သြဂုတ်လ ၃၁ ရက်နေ့က ခမရ (၂၄၁) က ၁၂၂ မမ လက်နက်ကြီးကျည် သုံးလုံး ပစ်ခတ်လိုက်တာကြောင့် ကွတ်ခိုင်မြို့နယ်ထဲ ကျရောက်ပေါက်ကွဲခဲ့ရာ သေဆုံးဒဏ်ရာရသူတွေအတွက် ဝမ်းနည်းမိကြောင်း ပူးတွဲကြေညာချက်ထုတ်ခဲ့ပါတယ်။

တချိန်တည်းမှာပဲ…  လက်နက်ကြီးကျရောက်တဲ့အတွက် ကလေးငယ်ငါးဦး အပါအဝင် အရပ်သားငါးဦး သေဆုံးခဲ့တာဟာ ဘယ်အဖွဲ့ရဲ့လက်ချက် ဆိုတာကို သဲသဲကွဲကွဲ မသိရပေမယ့်၊ ဒီကိစ္စဟာ စစ်ရာဇဝတ်မှု မြောက်နိုင်တယ်လို့ Amnesty International အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ဒီနေ့ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အနေနဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ၊ မဆင်မခြင် ပစ်ခတ်တာတွေကို ရပ်တန့်ဖို့၊ ထွက်ပြေးတိမ်းရှောင်ကြတဲ့ အရပ်သားတွေကို ကာကွယ်ပေးဖို့လည်း Amnesty International အဖွဲ့ရဲ့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org