အပစ်ရပ်ကြေညာချက်ကို စစ်ကောင်စီချိုးဖောက်နေကြောင်း AA ပြော
စစ်ကောင်စီက ဧပြီလ ၂ ရက်ကနေ ၂၂ ရက်နေ့အထိ နိုင်ငံတစ်ဝန်း ယာယီအပစ်အခတ်ရပ်စဲကြောင်း ကြေညာထားပေမဲ့ ရခိုင်ပြည်နယ်မှာတော့ ကြည်း၊ ရေ၊ လေ သုံးပြီး နေ့စဉ်ရက်ဆက် တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော် (AA) က ဧပြီလ ၅ ရက်နေ့ညက ထုတ်ပြန်ပြောဆိုပါတယ်။
-
RFA Burmese
2025-04-06 -
-
-
စစ်ကောင်စီက ဧပြီလ ၂ ရက်ကနေ ၂၂ ရက်နေ့အထိ နိုင်ငံတစ်ဝန်း ယာယီအပစ်အခတ်ရပ်စဲကြောင်း ကြေညာထားပေမဲ့ ရခိုင်ပြည်နယ်မှာတော့ ကြည်း၊ ရေ၊ လေ သုံးပြီး နေ့စဉ်ရက်ဆက် တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော် (AA) က ဧပြီလ ၅ ရက်နေ့ညက ထုတ်ပြန်ပြောဆိုပါတယ်။
စစ်ကောင်စီက ဧပြီလ ၂ ရက်နေ့မတိုင်မီကတည်းက ဒီနေ့အထိ ကျောက်ဖြူ၊ စစ်တွေ၊ ပဲခူး၊ ဧရာဝတီ အစရှိတဲ့ နေရာတွေမှာ AA တပ်ဖွဲ့ဝင်တွေကို လက်နက်ကြီး၊ ဒရော့ဗုံး၊ လေကြောင်းနဲ့ တန်ပြန်ထိုးစစ်တွေကို နေ့စဉ်လုပ် ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကျောက်ဖြူမြို့နယ်မှာ ဧပြီလ ၂ ရက်နေ့ တစ်ရက်တည်းမှာ စစ်ကောင်စီက ဒရော့ဗုံး အရေအတွက် အကြိမ် ၉၀ ခန့်နဲ့ လက်နက်ကြီး အကြိမ် ၆၀ ထက်မနည်း ပစ်ခတ်ခဲ့သလို ပေါက်တောမြို့နယ်ဘက်ကိုလည်း ၁၂၀ မမ လက်နက်ကြီးနဲ့ ခြောက်ကြိမ်ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။
ဧပြီလ ၃၊ ၄၊ ၅ ရက်တွေမှာလည်း ကျောက်ဖြူမြို့နယ်က ကျေးရွာတွေကို ဒရော့ဗုံးတွေအပါအဝင် ဂျက်တိုက် လေယာဉ်၊ ရေတပ်သင်္ဘောတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဧပြီလ ၅ ရက် နေ့ တစ်ရက်တည်းမှာ ဒရော့ဗုံးအကြိမ် ၆၀ ကျော်နဲ့ လက်နက်ကြီးပစ်ခတ်မှု အကြိမ် ၅၀ အထက်ရှိခဲ့တယ် လို့လည်းဆိုပါတယ်။ စစ်တွေမြို့နယ်မှာလည်း ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေရှိခဲ့တယ်လို့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီကတော့ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်နေတာဟာ AA၊ KIA၊ TNLA၊ KNLA၊ PDF စတဲ့ လက်နက်ကိုင်အဖွဲ့တွေသာဖြစ်တယ်လို့ ဧပြီလ ၅ ရက်နေ့က စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်ရုပ်သံတွေကနေတစ်ဆင့် ပြောပါတယ်။
“AA အဖွဲ့အနေနဲ့ကတော့ ဧရာဝတီတိုင်းဘက်က လုံခြုံရေးယူထားတဲ့နေရာတွေကို လာရောက်ပစ်ခတ်တာ ရှိပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။
အကြောင်းမဲ့ ပစ်ခတ်တိုက်မှုတွေရှိလာရင် ပြန်လည်တုံ့ပြန်သွားမဲ့အကြောင်း ယာယီအပစ်အခတ်ရပ်စဲရေး ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။ ဒါပေမဲ့ ကျောက်ဖြူ၊ စစ်တွေ၊ ပေါက်တောမြို့နယ်တွေက တိုက်ခိုက်မှုအခြေအနေကိုတော့ သူက တစ်စုံတစ်ရာပြောဆိုတာမရှိပါဘူး။
အာရက္ခတပ်တော် (AA) ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့အနေနဲ့ ပြည်သူတွေ ငလျင်ဘေးဒဏ် ကြုံနေရတဲ့ အတွက် ဧပြီတစ်လုံးကို အပစ်အခတ်တွေရပ်စဲထားတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။ အာရက္ခတပ်တော် (AA) အနေနဲ့ ဒီထုတ်ပြန်ချက်အတိုင်း တိတိကျကျ လုပ်ဆောင်နေတယ်လို့လည်း မနေ့ကထုတ်ပြန်ချက်မှာ ပါရှိ ပါတယ်။
ဒီအတောအတွင်း မတ်လ ၁၇ ရက်နေ့ကစလို့ စတင်ထိုးစစ်ဆင်ခဲ့တဲ့ စစ်ကောင်စီရဲ့ ပဲခူးတိုင်း ညောင်ကျိုးဗျူဟာစခန်းကို ဧပြီလ ၂ ရက်နေ့က အလုံးစုံသိမ်းပိုက်ရရှိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) ရဲ့ မနေ့က ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။