နိုင်ငံရေးဆွေးနွေးဖို့ အဆင်သင့်ဖြစ်ကြောင်း ရက္ခိုင့်တပ်မတော် ပြောကြား


2016.01.09
arakhine-army-620.jpg Arakan Army AA ခေါ် ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ်နဲ့ တပ်ဖွဲ့ဝင် တချို့ကို တွေ့ရစဉ်
Photo: Arakan Army

ရက္ခိုင့်တပ်မတော် (AA) အနေနဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးကိုလိုလားပြီး နှစ်ပေါင်း ၆ဝ ကျော်ကြာ ဖြစ်ပွားနေ တဲ့ ပြည်တွင်းစစ်ပြဿနာတွေ၊ နိုင်ငံရေးပြဿနာတွေကို အဖြေရှာရာမှာ အားလုံးပါဝင် တဲ့ နိုင်ငံရေးတွေ့ ဆုံ ဆွေးနွေးမှုတွေအတွက် ဖိတ်ခေါ်မယ်ဆိုရင် အဆင်သင့်ရှိနေကြောင်း သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့က အစိုးရတပ်မတော်ပိုင် မြဝတီသတင်းစာမှာ ဖော်ပြချက်တွေနဲ့ပတ်သက်ပြီး ရက္ခိုင့်တပ်မတော်အနေနဲ့ အမျိုးသားတန်းတူရေးနဲ့ လွတ်မြောက်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ရေးတို့အတွက် မလွှဲမရှောင်သာ တိုက်ပွဲဝင်နေရတာဖြစ်ပြီး ရခိုင်ပြည်နဲ့ ရခိုင်လူထုရဲ့အကျိုးစီးပွားကို ပျက်ပြားအောင် လုပ်ဆောင်မှာမဟုတ်ဘူးလို့ မနေ့က ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ အဲ့ဒီကြေညာချက်မှာ တုန့်ပြန်ရေးသားထားပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အရှေ့ဘက် ရမ်းချောင်းတောင်တန်းတစ်ဝိုက်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့အကြား ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၇ ရက်နေ့ကစတင်ပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲအတွင်း အစိုးရတပ်မတော်ဘက်က လူအင်အားနဲ့ လက်နက်ကြီးတွေကို အများအပြားသုံး တိုက်ခိုက်ခဲ့ပြီး အရာရှိကြီးများအပါအဝင် အင်အား(၁၅ဝ)ကျော် ကျဆုံးပြီး (၂ဝဝ)ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပြီး ရက္ခိုင့်တပ်မတော်ဘက်ကတော့ လူ ၂ ဦးကျဆုံးခဲ့တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

AAအဖွဲ့ကဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူးချုပ် ဒေါက်တာညိုထွန်းအောင်ကို ဦးတင်အောင်ခိုင်က ဆက်သွယ်ထားတာ နားဆင်နိုင်ပါတယ်။

အခုလို အစိုးရတပ်မတော်နဲ့ ရခိုင်တပ်မတော်တို့အကြား ရခိုင်ဒေသမှာ ပြန်လည်ဖြစ်ပွားလာတဲ့ စစ်ရေးပဋိပက္ခ အဆုံးသတ်ရေးနဲ့ပတ်သက်လို့ ANP ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။