မင်းပြားလေကြောင်းတိုက်ခိုက်မှုအပါအဝင် အကြမ်းဖက်မှုအားလုံးကို ကုလအတွင်းရေးမှူးချုပ် ပြစ်တင်ရှုတ်ချ

ရခိုင်ပြည်နယ်မှာ နောက်ထပ်လူမျိုးရေးပြဿနာမဖြစ်အောင် တားဆီးကာကွယ်ကြဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က မတ်လ ၁၈ ရက်မှာ ကြေညာချက်ထုတ်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပသည့် ၅၅ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးဖွင့်ပွဲတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်အား တွေ့ရစဉ်။ FABRICE COFFRINI / AFP

ရခိုင်ပြည်နယ်မှာ နောက်ထပ်လူမျိုးရေးပြဿနာမဖြစ်အောင် တားဆီးကာကွယ်ကြဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က မတ်လ ၁၈ ရက်မှာ ကြေညာချက်ထုတ်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေကြီးလာတာဟာ လူတွေကို အိုးအိမ်စွန့်ခွာထွက်ပြေးဖို့ဖြစ်စေသလို၊ နဂိုကတည်းကရှိနေတဲ့ လူ့အဖွဲ့အစည်းရဲ့အားနည်းချက်တွေ၊ ခွဲခြားဆက်ဆံမှုတွေကို ပိုဖြစ်လာစေတယ်လို့လည်း အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ထောက်ပြပါတယ်။

မြန်မာပြည်မှာ တောက်လျှောက်ဖြစ်နေတဲ့ ပဋိပက္ခတွေ၊ ယိုယွင်းပျက်စီးနေတဲ့အခြေအနေတွေကို စိုးရိမ်ပူပန်နေသလို၊ အကြမ်းဖက်မှုပုံစံအားလုံးကို ပြစ်တင်ရှုတ်ချတယ်လို့ ဆိုပါတယ်။

လူသားချင်းစာနာမှုတွေ ကူညီထောက်ပံ့နေတဲ့ ဝန်ထမ်းတွေအပါအဝင် အရပ်သားအားလုံးကို နိုင်ငံတကာဥပဒေနဲ့အညီ ကာကွယ်ပေးဖို့ကိုလည်း အတွင်းရေးမှူးချုပ်က တောင်းဆိုထားပါတယ်။

ရိုဟင်ဂျာတွေအပါအဝင် လူငယ်တွေကို ဖမ်းဆီးထိမ်းသိမ်းတာ၊ အဓမ္မစစ်သားစုဆောင်းနေတာ၊ စစ်မှုမထမ်းမနေရဥပဒေကြောင့် လူ့အသိုင်းအဝိုင်းကြားမှာရိုက်ခတ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေဖြစ်လာမှာကိုလည်း စိုးရိမ်ပူပန်နေတယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဲဒီအပြင် အိမ်နီးချင်းနိုင်ငံတွေကိုထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ကာကွယ်ကူညီဖို့အပါအဝင် မြန်မာ့အရေးကို နိုင်ငံတကာရော၊ ဒေသတွင်းနိုင်ငံတွေကပါ အလေးပေးဆောင်ရွက်ကြဖို့ကိုလည်း မစ္စတာ ဂူတာရက်စ်က တောင်းဆိုလိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org