ကုလသမဂ္ဂအရာရှိများနဲ့ မဆွေးနွေးဖို့ ANP ဆုံးဖြတ်
ရခိုင်အမျိုးသားပါတီ ANPက ရခိုင်အရေး ကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေ နဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ တာဝန်ရှိသူတွေက ပြောကြား လိုက်ပါတယ်။
-
2015-01-13 -
-
-
ရခိုင်အမျိုးသားပါတီ ANPက ရခိုင်အရေးကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။
ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေဟာ ရခိုင်အရေးကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ တာဝန်ရှိသူတွေနဲ့ အကြိမ်ကြိမ် တွေ့ဆုံဆွေနွေး ခဲ့ပေမဲ့လည်း တစ်ဘက်သတ်ဆန်တဲ့ ဆုံးဖြတ်ချက်တွေ ကိုသာ ချမှတ်ခဲ့တာကြောင့် အခုလိုဆုံးဖြတ်လိုက် တာဖြစ်တယ်လို့ ပါတီရဲ့ ပြန်ကြားရေးအဖွဲ့ဝင် ဦးကျော်ဇောဦးက ပြောပါတယ်။
"ကျနော်တို့ မြေပြင်ပေါ်မှာ တကယ့်ဖြစ်နေတဲ့ အဖြစ်မှန်ရှိတယ်၊ အဲ့ဒါကို ကျနော်တို့ဖက်က ဘယ်လောက်ပြောပြော နားမထောင်ပဲနဲ့ ဘင်္ဂါလီလော်ဘီတွေရဲ့ ဥစ္စာကိုပဲ နားဝင်နေတယ်၊ ဒါကြောင့် ဘယ်လောက်ပဲပြောပြော တွေ့ဆုံဆွေးနွေးမှုတွေဟာ အရာမထင်ဘူးလို့ ကျနော်တို့ဖက်က သဘောရတယ်၊ အဲ့ဒါကြောင့်မို့ သူတို့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ရပ်စဲထားဖို့ ကျနော်တို့ဆုံးဖြတ်တာပါ"
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ၆၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ချမှတ်ခဲ့တဲ့ဆုံးဖြတ်ချက်တွေဟာ ရခိုင်ပြည်နယ်ထဲက အခြေအနေတွေကို ပြေလည်အောင် ကူညီဖြေရှင်းပေးရာ မရောက်ဘဲ ပြဿနာကို ပိုမိုကြီးထွားစေခဲ့တယ်လို့လည်း ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်တွေကြောင့် ဒေသခံရခိုင်တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ ထိခိုက်နစ်နာ မှုတွေ ရှိနေတဲ့အတွက် ပြည်နယ်အတွင်းက ရဟန်းသံဃာဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ကိုလည်း ကုလသမဂ္ဂအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ မပြုလုပ်ဖို့ ရခိုင်အမျိုးသားပါတီက တိုက်တွန်းသွားမယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ မွတ်စလင်အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး တိကျပြတ်သားတဲ့ မူဝါဒတွေကို ချမှတ်ပေးဖို့ ရခိုင်အမျိုးသားပါတီက ဒီလ ၉ ရက်နေ့က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းထံ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခဲ့ပါတယ်။