မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ရန်ကုန်ရောက်ပြီ

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက် မစ်ချဲလ် Derek Mitchell ဟာ ဒီကနေ့ မြန်မာနိုင်ငံကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၁ ရက်က သမ္မတ ဦးသိန်းစိန်ထံ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံအမတ်ကြီး မစ္စတာ Derek Mitchell က ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်နေစဉ်။ Photo:Myanmar President Office website

သံအမတ်ကြီး မစ္စတာ Mitchell ဟာ သူ့ရဲ့ သံအမတ်ခန့်အပ်လွှာကို သမ္မတ ဦးသိန်းစိန်ထံ ပေးအပ်ဖို့အတွက် နေပြည်တော်ကို ခရီးရောက်မဆိုက် သွားရောက်မှာ ဖြစ်တယ်လို့ ရန်ကုန်မြို့ အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

နောက်ဆုံးရရှိတဲ့ သတင်းအရသူဟာ သမ္မတ ဦးသိန်းစိန်ကို ဒီကနေ့ နေ့လည်ပိုင်းမှာ သံအမတ် ခန့်အပ်လွှာ ပေးအပ်လိုက်ပြီ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံနောက်ပိုင်း အမေရိကန်နဲ့ မြန်မာစစ်အစိုးရတို့ အကြား သံတမန် ဆက်ဆံရေး တဆင့်နှိမ့်ချခဲ့ပြီး မြန်မာနိုင်ငံမှာ အမေရိကန် သံအမတ်ကြီး ခန့်အပ်ထားတာ မရှိခဲ့ပဲ ယာယီ သံရုံးတာဝန်ခံ အဆင့်ပဲ ထားရှိခဲ့တာပါ။

မြန်မာနိုင်ငံက ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ အမေရိကန်အစိုးရက ခုလို သံအမတ်ကြီးအဆင့် ပြန်လည်ထားရှိတာ ဖြစ်ပါတယ်။

ခုလို မစ္စတာ  ဒဲရက် မစ်ချယ်ကို ခန့်အပ်လိုက်တာနဲ့ ပတ်သက်ပြီး ကြိုဆိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ သူဟာ မြန်မာပြည်အကြောင်း တော်တော် သိထားတဲ့အတွက် လက်ခံနိုင်လောက်ပါတယ် လို့ ဒီကနေ့ မွန်းလွဲ ၃ နာရီခွဲက ပြည်သူ့လွှတ်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ချခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ Derek Mitchell ဟာ သံအမတ်အဖြစ် တာဝန်ပေးအပ်ခြင်း မခံရခင်က အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး သံကိုယ်စားလှယ်အဖြစ် သြဂုတ်လ ၂၀၁၁ ခုနှစ်ကနေ စတင်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

အဲဒီမတိုင်ခင်က အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနမှာ အာရှပစ္စဖိတ်ဒေသ လုံခြုံရေးဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး အဖြစ်လည်း တာဝန်ထမ်းဆောင်ပါတယ်။ သူဟာ ဝါရှင်တန်ဒီစီ အခြေစိုက် နိုင်ငံတကာနဲ့ မဟာဗျူဟာ လေ့လာရေးဌာန CSIS ရဲ့ ညွှန်ကြားရေးမှူးအဖြစ်လည်း ၂ဝဝ၉ ခုနှစ်ကနေ ၂ဝ၁၁ ခုနှစ်အထိ တာဝန်ယူခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org