အယ်လ်ဖာစက်ရုံစီမံကိန်း ဆန္ဒပြပွဲအပြီး ဖမ်းဆီးခံရသူ သုံးဦးကို ရုံးထုတ်

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာက ကျောက်မီးသွေးသုံး အယ်လ်ဖာ ဘိလပ်မြေစက်ရုံ စီမံကိန်းကို ကန့်ကွက်ဆန္ဒပြရာမှာ ရဲတပ်ဖွဲ့နဲ့ ပဋိပက္ခဖြစ်ပြီးနောက် ဖမ်းဆီးခံထားရတဲ့ အောင်သပြေရွာသား နှစ်ဦးနဲ့ သတင်းထောက် ကိုနန္ဒ (တစ်ကိုယ်တော်) တို့ကို ပုသိမ်ကြီးမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်ပြီး ဒုတိယအကြိမ် ချုပ်မိန့်ယူခဲ့ပါတယ်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်က ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံစီမံကိန်းကို ဆန္ဒပြတဲ့ အောင်သပြေရွာသားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ၂ဝ၁၉ ခုနှစ် မေ ၁၅ ရက်နေ့က ပဋိပက္ခဖြစ်ပွားစဉ် Photo: Khaymani Win‎/RFA

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာက ကျောက်မီးသွေးသုံး အယ်လ်ဖာ ဘိလပ်မြေစက်ရုံ စီမံကိန်းကို ကန့်ကွက်ဆန္ဒပြရာမှာ ရဲတပ်ဖွဲ့နဲ့ ပဋိပက္ခဖြစ်ပြီးနောက် ဖမ်းဆီးခံထားရတဲ့ အောင်သပြေရွာသား နှစ်ဦးနဲ့ သတင်းထောက် ကိုနန္ဒ (တစ်ကိုယ်တော်) တို့ကို ပုသိမ်ကြီးမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်ပြီး ဒုတိယအကြိမ် ချုပ်မိန့်ယူခဲ့ပါတယ်။

လတ်တလောမှာ အမှုကို တည်ဆောက်နေတဲ့ကာလဖြစ်တာကြောင့် ဒီနေ့ ရုံးချိန်းမှာ စစ်ဆေးမေးမြန်းတာတွေမရှိဘဲ ချုပ်မိန့်ရမန်ယူပြီး နောက်တစ်ကြိမ် ရုံးချိန်းကို ဇွန်လ ၁၂ ရက်နေ့ကို ပြန်လည်ချိန်းဆိုလိုက်ကြောင်း ဖမ်းဆီးခံထားရသူတွေရဲ့ ရှေ့နေဖြစ်တဲ့ ကိုစည်သူက RFA ကို ပြောပါတယ်။

အောင်သပြေ ကျေးရွာအနီးမှာရှိတဲ့ ကျောက်မီးသွေးသုံး အယ်လ်ဖာ ဘိလပ်မြေ စက်ရုံစီမံကိန်းကို ဒေသခံရွာသားတွေက ဆန္ဒပြကန့်ကွက်ခဲ့ရာမှာ ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့မနက်က ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေ ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။

အဲဒီ ပဋိပက္ခဖြစ်ပွားတာကို ဖေ့ဘွတ်မှာ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ Channel Mandalay TV သတင်းထောက် ကိုနန္ဒနဲ့ အောင်သပြေ ရွာသား နှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးထားတဲ့ သတင်းထောက်နဲ့ အောင်သပြေ ရွာသား နှစ်ဦးအပါအဝင် နောက်ထပ်ရွာသား ၁၂ ဦးကို တာဝန်ဝတ္တရား နှောင့်ယှက်မှု ပုဒ်မ ၁၁၄၊ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းကို အပြင်းအထန် နာကျင်စေမှု ပုဒ်မ ၃၃၃၊ မီးရှို့မှု ပုဒ်မ ၄၃၅ တို့နဲ့ ရဲတပ်ဖွဲ့က အမှုဖွင့်ထားပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org