AA ဖမ်းဆီးထားတဲ့ ALP အဖွဲ့ဝင် ငါးဦး ပြန်လွတ်လာ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ကနေ ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးထိန်းသိမ်း ထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က တွဲဘက်အတွင်းရေးမှူး အပါအဝင် ငါးဦးကို ဒီနေ့ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

ကျောက်တော်မြို့မှာရှိတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဆက်ဆံရေးရုံးကို တွေ့ရစဉ်

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ကနေ ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးထိန်းသိမ်းထားတဲ့  ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က တွဲဘက်အတွင်းရေးမှူးအပါအဝင် ၅ ဦးကို ဒီနေ့ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

ALP  ဒုတိယ ဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်က သူတို့ ၅ ဦး  ဒီနေ့ နေ့လယ် ၂ နာရီလောက်က အားလုံးကျန်းကျန်းမာမာနဲ့ ပြန်လွတ်လာကြတာဖြစ်တယ်လို့ RFA ကို ဒီနေ့ညနေက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၀ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ် မြောင်ကြီးကျေးရွာအနီးမှာ ALP အဖွဲ့က  တွဲဘက်အတွင်းရေးမှူး  ခိုင်အောင်စိုးသန်းနဲ့ ခိုင်မျိုးဇံ တို့အပြင် ဆေးဝန်ထမ်းတွေ ဖြစ်တဲ့ ခိုင်ဌေး၊ ခိုင်မိုးဇက်၊ ခိုင်ဟိန်းဇော်တို့ကို သူတို့နေအိမ်တွေကနေ  ဖမ်းဆီးသွားခဲ့တာလို့ ALP က သြဂုတ်လ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဒီနေ့ ပြန်လွှတ်ပေးလိုက်တဲ့ကိစ္စနဲ့ ပတ်သက်လို့ AA က တစုံတရာထုတ်ပြန်ကြေညာတာ မတွေ့ရသေးပါဘူး။

AA အဖွဲ့ဟာ  ALP ပါတီဝင်တွေနဲ့ဆက်စပ်သူတွေကို အလားတူ ဖမ်းဆီးခေါ်ဆောင်မှုမျိုး  ၂၀၁၇ ခုနှစ်မှာ ၂ ကြိမ်၊ ဒီနှစ်ဆန်းပိုင်းမှာ ၁ ကြိမ် ပြုလုပ်ခဲ့ဖူးတယ်လို့ သိရပါတယ်။  

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ ဖြစ်ပြီး၊ AA ကတော့ အပစ်ရပ်စာချုပ်မထိုးသေးတဲ့အဖွဲ့ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ  တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကစလို့  အခုအချိန်ထိ တပ်မတော်ကရော AA အဖွဲ့ကပါ သူတို့မသင်္ကာသူတွေကို ဖမ်းဆီးစစ်ဆေးမှုတွေ ရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org