ကန့်ဘလူမြို့နယ် သင်တောရွာ ဗုံးကြဲခံရပြီး မိသားစုဝင် ခြောက်ဦးသေဆုံး

စစ်ကောင်စီတပ်က ကြဲချခဲ့တဲ့ ပေါင် ၅၀၀ ဗုံးသီးနှစ်လုံးဟာ ကုန်စုံဆိုင်ပေါ်နဲ့ အနီးကို ကျရောက်ပေါက်ကွဲခဲ့တာပါ။

ကန့်ဘလူမြို့နယ် သင်တောရွာ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် သေဆုံးခဲ့သူများအား ၂၀၂၅ ခုနှစ် ဧပြီလ ၂၀ ရက်တွင်တွေ့ရစဉ်။ Citizen Photo

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် သင်တောရွာဟာ ဧပြီလ ၂၀ရက် ညနေ ၆ နာရီဝန်းကျင်မှာ ဗုံးကြဲခံရပြီး မိသားစုဝင် ခြောက်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က ကြဲချခဲ့တဲ့ ပေါင် ၅၀၀ ဗုံးသီးနှစ်လုံးဟာ ကုန်စုံဆိုင်ပေါ်နဲ့ အနီးကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကုန်စုံဆိုင်ပေါ် ဗုံးသီးက တည့်တည့်ကျတာ၊ မိသားစုတစ်ခုလုံး သေသွားတာ။ အကုန်လုံးက အရပ်သားတွေဗျ။ အမျိုးသားသုံးဦး၊ အမျိုးသမီးသုံးဦး သေသွားတယ်”

အသက် ၂၀ အရွယ် မမိသေး၊ အသက် ၃၀ အရွယ် ကိုမင်းမင်း၊ ကိုဖိုးမော့၊ အသက် ၅၀ ဝန်းကျင်အရွယ် ဒေါ်ခင်မာနှင်း၊ ဒေါ်စော နဲ့ ဦးကျော်မင်းကြီးတို့ သေဆုံးခဲ့တာပါ။

ဒီအပြင် နောက်ထပ် အမျိုးသားနှစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဖုန်းဆက်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

စစ်ကောင်စီတပ်က ယာယီအပစ်အခတ်ရပ်စဲထားပေမဲ့ နိုင်ငံတစ်ဝန်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org