ဗန်းမော်နဲ့ မံစီမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်ဦးသေ၊ ခြောက်ဦး ဒဏ်ရာရ

ဗန်းမော်နဲ့ မံစီမြို့နယ်က ကျေးရွာတွေကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် နှစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရခဲ့ပါတယ်။

ဗန်းမော်မြို့နယ် ရေလဲရွာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးကို တွေ့ရစဉ်။ The Kachin Net

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်က ကျေးရွာတွေကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ စစ်ကောင်စီ တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တစ်ဦးအပါ အရပ်သား နှစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဗန်းမော်မြို့နယ် ရေလဲကျေးရွာက အရပ်သား သုံးဦး ဒဏ်ရာရခဲ့သလို မံစီမြို့နယ် မံသာကျေးရွာက အသက်မပြည့်သေးတဲ့ ကလေးငယ်တစ်ဦး အပါအဝင် နှစ်ဦး သေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဗန်းမော်မြို့ခံ တစ်ဦးက ဆိုပါတယ်။

“မံသာဘက်ကိုတော့ မနေ့က ညနေ လေးနာရီကျော်လောက်မှာ လာပစ်သွားတာ။ ဘာတိုက်ပွဲမှ မရှိဘဲနဲ့ ဘုရားကျောင်းတစ်ဝိုက်မှာ ပစ်သွားတာ ဟုတ်တယ်။ အဲဒီမှာ ကလေးတစ်ယောက်နဲ့ လူငယ်အမျိုးသမီး တစ်ယောက်ဆုံးတယ်။ ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်။ နေအိမ်တွေလည်း ပျက်စီးတာတွေရှိတယ်”

သေဆုံးသူနှစ်ဦးဟာ မံသာကျေးရွာက အသက် ၈ နှစ်အရွယ် မောင်ငွါးဆာလေးနဲ့ အသက် ၂၀ အရွယ် မရာမာဆီး တို့ဖြစ်ပြီး ဒဏ်ရာရသူတွေကိုတော့ ဆေးကုသမှု ပေးထားတယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ နဲ့ ၁၉ ရက်နေ့တွေမှာလည်း မိုးမောက်မြို့နယ် နှင်းအီ၊ ဝက်ငင်း၊ အောင်မြင်သာရွာ နဲ့ ဗန်းမော်မြို့နယ် မြစေတီရွာတို့ကို လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ဆယ်ဦး သေဆုံးကာ ငါးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

RFA ရဲ့ စာရင်းအရ အခုနှစ်ဆန်းပိုင်းစပြီး ဒီနေ့အထိ မံစီ၊ ဖားကန့်၊ မိုးမောက်၊ ဗန်းမော်၊ ဝိုင်းမော်နဲ့ တနိုင်းမြို့နယ်မှာ လေကြောင်းက ဆယ်ကြိမ်ကျော် တိုက်ခိုက်ခဲ့ပြီး ဒေသခံ ၄၅ ဦး သေဆုံးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org