ဝက်လက်မှာ ဗုံးကြဲခံရပြီး လေးဦး သေဆုံး၊ ခြောက်ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စဉ့်ကိုင် (မြောက်) ရွာကို မတ်လ ၁၆ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် လေးဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက RFA ကို မတ်လ ၁၇ ရက်နေ့မှာ ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စဥ့်ကိုင် (မြောက်) ရွာတွင် စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပျက်စီးသွားသည့် နေအိမ်တစ်လုံးကို ၂၀၂၅ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့တွင် တွေ့ရစဉ်။ Facebook/ Thiha Aung

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စဥ့်ကိုင် (မြောက်) ရွာကို မတ်လ ၁၆ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် လသားအရွယ် ကလေးတစ်ဦး အပါအဝင် အရပ်သား လေးဦး သေဆုံးပြီး နောက်ထပ် ခြောက်ဦး ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက RFA ကို မတ်လ ၁၇ ရက်နေ့မှာ ပြောပါတယ်။

သေဆုံးသူတွေထဲမှာ လသားအရွယ် မိန်းကလေးတစ်ဦး၊ အသက် ၆၀ နဲ့ ၅၀ ကြားအရွယ်ရှိ အမျိုးသမီး နှစ်ဦးနဲ့ အမျိုးသား တစ်ဦးတို့ ပါဝင်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်တာမရှိဘဲ မန္တလေးတိုင်း၊ တံတားဦးလေတပ်စခန်းကနေ ဂျက်တိုက်လေယာဉ် လာရောက်ဗုံးကြဲခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဝက်လက်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"တိုက်ပွဲဖြစ်တာမရှိဘူး။ ကာကွယ်ရေးတပ်လည်း အခြေမစိုက်ပါဘူး။ အရပ်သားတွေကို လေကြောင်းတိုက်ခိုက်မှု တမင်လုပ်သွားတာပါ။ မတ္တရာ၊ စစ်ကိုင်းနဲ့အစပ်ဖြစ်တဲ့ ရွာပါ။ ပြည်သူတွေကို အကြောက်တရားရအောင် လုပ်တဲ့အခြေအနေ ဖြစ်ပါတယ်"

လေကြောင်းတိုက်ခိုက်ခံရပြီးနောက် စဥ့်ကိုင် (မြောက်) ရွာက ဒေသခံတချို့ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။

ဝက်လက်မြို့နယ်ထဲမှာ လေကြောင်းတိုက်ခိုက်မှု ဆက်ရှိလာနိုင်တာကြောင့် ဗုံးခိုကျင်းတွေ တူးကြဖို့လည်း ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့တွေက အသိပေးထားပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

မတ်လ ၁၆ ရက်နေ့ တစ်ရက်တည်းမှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ စိန်ရတနာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် သံဃာတော်တွေ အပါအဝင် ၁၄ ဦးသေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA က ပြုစုထားတဲ့စာရင်းတွေအရ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၁,၇၆၉ ဦး သေဆုံးပြီး ၃,၇၂၀ ဦး ဒဏ်ရာရခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org