တီးတိန်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံနှစ်ဦး သေ၊ တစ်ဦး ဒဏ်ရာရ

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်က မွာလ်ဘင်းရွာကို မေလ ၂၆ ရက် မနက်အစောပိုင်း ၂ နာရီမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ပစ်ခဲ့တာကြောင့် နှစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချင်းပြည်နယ်၊ တီးတိန်မြို့ကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့တွင် တွေ့ရစဉ်။

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်က မွာလ်ဘင်းရွာကို မေလ ၂၆ ရက် မနက်အစောပိုင်း ၂ နာရီမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ပစ်ခဲ့တာကြောင့် နှစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Mi - 35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၄၀ အရွယ် ဦးကျင့်ဇကမ်းနဲ့ အမည်မသိရသေးတဲ့ သားဖြစ်သူတို့ နေရာမှာတင် သေဆုံးခဲ့ပြီး နောက်ထပ် ဒေသခံတစ်ဦး ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ မိနစ် နှစ်ဆယ်နီးပါးပစ်ခတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တီးတိန်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"စစ်ကောင်စီက အပေါ်ကနေ မည်းမည်းမြင်သမျှကို ပစ်သွားတာပေါ့။ သားအဖနှစ်ဦးကတော့ ပွဲချင်းပြီး ဆုံးသွားတယ်ပဲ ပြောရမယ်။ တော်တော်လေးကို ရုပ်ပျက်ဆင်းပျက် ဖြစ်သွားတာပါ။ ဘုရားကျောင်းနဲ့ နေအိမ် သုံးဆယ်ကျော်လည်း ပျက်စီးပါတယ်။ ဖုန်းလိုင်းကလည်းပြတ်နေတော့ စုံစမ်းဖို့က အခက်အခဲတွေလည်း ရှိနေပါတယ်"

ဒဏ်ရာရတဲ့ ဒေသခံအမျိုးသားကို လိုအပ်တဲ့ ဆေးကုသမှုပေးနေပေမဲ့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒေသခံတွေရဲ့ပြောဆိုချက်နဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒီပစ်ခတ်မှုအပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။

RFA က ပြုစုထားတဲ့စာရင်းအရ ပဋိပက္ခတွေအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကနေ မတ်လအထိ သေဆုံးသူစုစုပေါင်း ၃၉၇ ဦးနဲ့ ဒဏ်ရာရသူ ၈၈၉ ဦးအထိ ရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org