နွားထိုးကြီးမှာ လေကြောင်းကနေ ဗုံးကြဲလို့ အမျိုးသမီးတစ်ဦး သေဆုံး

နွားထိုးကြီးမြို့နယ်၊ ထနောင်းပင်လဲရွာကို သြဂုတ်လ ၃၁ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ဘုန်းကြီးကျောင်းဆောင်နဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ RFA ကို ပြောပါတယ်။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ ကွမ်းအုံရွာ ဘုန်းကြီးကျောင်း ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ပျက်စီးနေသည်ကို တွေ့ရစဥ်။ Facebook/ နွားထိုးကြီး-Journal

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ထနောင်းပင်လဲရွာကို သြဂုတ်လ ၃၁ ရက်နေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ဘုန်းကြီးကျောင်းဆောင်နဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ နွားထိုးကြီးဒေသခံတွေက RFA ကို ပြောပါတယ်။

သြဂုတ်လ ၃၁ ရက် မနက် ၁ နာရီကျော်မှာ နွားထိုးကြီးမြို့နဲ့ တစ်မိုင်ခန့်ဝေးတဲ့ ထနောင်းပင်လဲရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

လေကြောင်းကနေ ဗုံးနှစ်လုံး ကြဲချခဲ့တာကြောင့် အသက် ၂၅ နှစ်ခန့်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ထနောင်းပင်လဲကို မနက်အစောကြီး ဗုံးကြဲသွားတယ်။ အမျိုးသမီးတစ်ယောက် သေတယ်။ ပြီးတော့ ဘုန်းကြီးကျောင်းဆောင်နဲ့ အိမ်နှစ်လုံး ပျက်တယ်"

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး

ဩဂုတ်လ ၂၀ ရက်နေ့ကလည်း နွားထိုးကြီးမြို့နယ်၊ ကွမ်းအုံရွာက ဘုန်းကြီးကျောင်းနဲ့ အနီးတစ်၀ိုက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား သုံးဦး သေဆုံးပြီး ရဟန်းတစ်ပါး အပါအဝင် ငါးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြင်းခြံခရိုင်အတွင်းက ရွာတွေမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်လာတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းရန် ကာကွယ်နိုင်မဲ့နေရာတွေပြုလုပ်ပြီး သတိနဲ့ နေထိုင်ကြဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။

မန္တလေးတိုင်းထဲက မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးမြို့နယ်တွေမှာ “မြင်းခြံခရိုင် စစ်ဆင်ရေး” အဖြစ် သြဂုတ်လ ၁၀ ရက်နေ့ကစလို့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ကာကွယ်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ကလည်း အဲဒီမြို့နယ်တွေမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေရှိနေသလို သပိတ်ကျင်းနဲ့ ငါန်းဇွန်မြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org