ငါန်းဇွန်မှာ ဗုံးကြဲခံရပြီး ၆ နှစ်အရွယ် ကလေးတစ်ဦး သေဆုံး၊ သုံးဦး ဒဏ်ရာပြင်းထန်

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြေတိုင်းရွာကို နိုဝင်ဘာလ ၁၃ ရက်နေ့ ည ၁၀ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲချခဲ့တာကြောင့် အသက် ၆ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးပြီး နောက်ထပ် သုံးဦးလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ် လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာမှ အဆောက်အအုံတစ်ခုကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့က တွေ့ရစဉ်။ Facebook/ Ko Nway Oo - Myaung

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြေတိုင်းရွာကို နိုဝင်ဘာလ ၁၃ ရက်နေ့ ည ၁၀ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲချခဲ့တာကြောင့် အသက် ၆ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးပြီး နောက်ထပ် သုံးဦးလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်တာမရှိဘဲ Y-12 အမျိုးအစားလေယာဉ်နဲ့ ဗုံးသီး လေးဆယ်ခန့် ကြဲချခဲ့တာကြောင့် အရပ်သားတွေ ထိခိုက်ခဲ့တာလို့ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"၆ နှစ် သမီးကတော့ နေရာမှာတင် သေသွားတယ်။ နောက်ထပ် သုံးဦးကတော့ အပြင်းအထန် ဒဏ်ရာရထားတယ်။ အသက်အန္တရာယ် စိုးရိမ်ရတယ်။ တိုက်ပွဲဖြစ်တာမရှိဘဲ ဒီအတိုင်း ဗုံးကြဲသွားတာ”

သေဆုံးခဲ့သူက အသက် ၆ နှစ်အရွယ် မကြယ်စင်မြတ် ဖြစ်ပြီး ဒဏ်ရာရသူတွေကတော့ အသက် ၁၉ နှစ်အရွယ် ကိုနန်းဝေ၊ အသက် ၅၅ နှစ်အရွယ် ဦးဖိုးလုံးနဲ့ အသက် ၅၄ နှစ်အရွယ် ဒေါ်ကြင်လှိုင်တို့ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီတပ်က မြို့ရွာတွေကို လေကြောင်းတိုက်ခိုက်တဲ့အခါ ထောက်ပံ့ပို့ဆောင်ရေးမှာ အသုံးပြုတဲ့ လေယာဉ် Y-12 ကို အသုံးများလာပြီး လေယာဉ်ပေါ်ကနေ ပေါင် ၁၀ နဲ့ ၂၀ ကြား ရှိတဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်လေ့ရှိတယ်လို့ CDM လေတပ်အရာရှိတွေက RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက်နေ့ကလည်း ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား ၁၂ ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၄ ခုနှစ်၊ ဇန်ဝါရီလကနေ အောက်တိုဘာလကုန်အထိ ဆယ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၅၄၀ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုဝင်ဘာလ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org