လိုင်စင်မဲ့ မော်တော်ယာဉ်တွေကို အရေးယူမည်
ကချင်ပြည်နယ်မှာ တရားမဝင်လိုင်စင်မဲ့ မော်တော်ယာဉ်ပေါင်းစုံကို အသုံးပြုနေကြတဲ့ ဘယ်လူပုဂ္ဂိုလ်အဖွဲ့အစည်းကိုမဆို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
-
2017-11-08 -
-
-
ကချင်ပြည်နယ်မှာ တရားမဝင်လိုင်စင်မဲ့ မော်တော်ယာဉ်ပေါင်းစုံကို အသုံးပြုနေကြတဲ့ ဘယ်လူပုဂ္ဂိုလ် အဖွဲ့အစည်းကိုမဆို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
လိုင်စင်မဲ့ကားတွေကို ဘယ်အဖွဲ့အစည်းမှ လက်ဝယ်ထားခွင့်မရှိကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ၊ ပြည်နယ်ဥပဒေချုပ် ဦးဒီဆင်ရမ် က ပြောပါတယ်။
"ဥပဒေအရကတော့ ကျနော်တို့က ဒါအစိုးရက သိမ်းရမယ့်ကားတွေဖြစ်ပါတယ်။ သို့သော်လည်း တဆင့်နဲ့ တဆင့် ဆောင်ရွက်နေတဲ့လုပ်ငန်းဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရကတော့ Without ကားကတော့ နဂိုကတည်းကဖမ်းဖို့ ညွှန်ကြားထားပြီးသားပါ။ ဒါက ကချင်ပြည်နယ်ရဲ့ အစီအစဉ်အရ တဆင့်ပြီးတဆင့် ဆောင်ရွက်နေတဲ့လုပ်ငန်းဖြစ်ပါတယ်။ လိုင်စင်မဲ့ကားကတော့ ဘယ်အဖွဲ့အစည်းမှ လက်ဝယ်ထားခွင့်တော့ မရှိပါဘူး။ ဥပဒေကလည်း ခွင့်ပြုမှာမဟုတ်ပါဘူး။ ဒီတရားမဝင်တဲ့ကားတွေ လက်ဝယ်ရှိတဲ့လူတွေက ဥပဒေဘောင်ကနေ ကျော်လွန်းသွားတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်သိဖို့လိုပါတယ်။ ဒီဥပဒေအထက်မှာ ဘယ်သူမှမရှိပါဘူးဆိုတဲ့အတိုင်း ကျနော်တို့ကဆောင်ရွက်မှာဖြစ်ပါတယ်"
တရားမဝင် လိုင်စင်မဲ့မော်တော်ယာဉ်တွေကိုသိမ်းဖို့ ပြည်ထောင်စုအစိုးရက ညွှန်ကြားထားပြီးဖြစ်တဲ့အတွက် ပြည်နယ်အစိုးရက အများပြည်သူတွေကို အသိပေးပြီး ဖမ်းဆီးအရေးယူဖို့ အဆင့်လိုက်ဆောင်ရွက်နေတာလို့ ဆိုပါတယ်။
လိုင်စင်မဲ့မော်တော်ယာဉ်တွေကို အသုံးပြုပြီး တရားမဝင်ကုန်ပစ္စည်းနဲ့ မူးယစ်ဆေးဝါးတွေသယ်ယူ ရောင်းဝယ်မှု တွေရှိနေသလို ယာဉ်တိုက်မှုတွေလည်း မကြာခဏဖြစ်နေတယ်လို့ သိရပါတယ်။
လောလောဆယ်မှာ နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး မြို့နယ်တစ်ခုကနေ တစ်ခုကို ဖြတ်ကျော်မောင်းနှင်ခွင့် မပြုတော့ဘဲ တားမြစ်ထားတဲ့ အခြေအနေဖြစ်ပါတယ်။
ပြည်နယ်အတွင်းမှာ စစ်ဘက်နဲ့ အစိုးရဝန်ထမ်းတချို့၊ လူမှုအဖွဲ့အစည်းတချို့နဲ့ လက်နက်ကိုင်အဖွဲ့တွေအပါအဝင် အများပြည်သူတွေထဲမှာလည်း လိုင်စင်မဲ့မော်တော်ယာဉ်တွေကို အသုံးပြုမှုတွေရှိနေတာဖြစ်ပါတယ်။
ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဋ္ဌာနရဲ့ နောက်ဆုံးစာရင်းတွေအရ တစ်ပြည်နယ်လုံးမှာ လည်ပတ်အသုံးပြုနေတဲ့ မော်တော်ကား၊ ဆိုင်ကယ် နဲ့ ယာဉ်ယန္တရားစက်မျိုးစုံ စုစုပေါင်း အစီးရေ တစ်သိန်းကျော်ကို တရာဝင်းလိုင်စင်ပြုလုပ်ပြီး မှတ်ပုံတင်ထားကြောင်း သိရပါတယ်။