စစ်ရေးလှုပ်ရှားမှုတွေ လျှော့ချဖို့ ညီနောင်မဟာမိတ် သုံးဖွဲ့တိုက်တွန်း

တစ်ပြည်လုံးက နေရာအနှံ့မှာ Covid 19 ကပ်ရောဂါဖြစ်ပွားနေသလို စစ်ပွဲတွေ လည်း ဖြစ်ပွားနေလို့ ပြည်သူတွေရဲ့ လုံခြုံရေး ထိပါးစေတဲ့အတွက် လက်နက်ကိုင် အဖွဲ့အစည်းတွေက စစ်ရေးလှုပ်ရှားမှုတွေကို အတတ်နိုင်ဆုံးလျှော့ချဖို့ဆိုပြီး ညီ နောင်မဟာမိတ် သုံးဖွဲ့တို့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ပလောင်အဖွဲ့ TNLA၊ ရက္ခိုင့်တပ်တော် AA နဲ့ ကိုးကန့်အဖွဲ့ MNDAA ညီနောင်မဟာမိတ် သုံးဖွဲ့ တပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ် Photo: Arakan Army

တစ်ပြည်လုံးက နေရာအနှံ့မှာ Covid 19 ကပ်ရောဂါဖြစ်ပွားနေသလို စစ်ပွဲတွေလည်း ဖြစ်ပွားနေလို့ ပြည်သူတွေရဲ့ လုံခြုံရေး ထိပါးစေတဲ့အတွက် လက်နက်ကိုင်အဖွဲ့အစည်းတွေက စစ်ရေးလှုပ်ရှားမှုတွေကို အတတ်နိုင်ဆုံးလျှော့ချဖို့ဆိုပြီး ညီနောင်မဟာမိတ် သုံးဖွဲ့တို့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

စက်တင်ဘာ ၄ ရက် မနေ့က ရက်စွဲနဲ့ ကိုးကန့်အဖွဲ့ MNDAA၊ ပလောင်အဖွဲ့ TNLA နဲ့ ရက္ခိုင့်တပ်တော် AA ညီနောင်မဟာမိတ် သုံးဖွဲ့တို့က ထုတ်ပြန်ထားတာပါ။

တိုက်ပွဲဖြစ်ပွားတဲ့ဒေသတွေ အကုန်လုံးမှာ တိုက်ပွဲတွေ လျှော့ချပေးကြဖို့အတွက် ခုလိုထုတ်ပြန်တာလို့ ညီနောင်မဟာမိတ်သုံးဖွဲ့ထဲက TNLA ပြောခွင့်ရသူ ဒု-ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ပြောပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ပစ်ခတ် ဖြိုခွင်းခဲ့တဲ့ လုပ်ရပ်ကြောင့် လက်နက်ကိုင်တော်လှန်ရေးကို မလွှဲသာမရှောင်သာ ဖော်ဆောင်လာတဲ့ အစုအဖွဲ့တွေဟာ ပြည်နယ်နဲ့ တိုင်းအနှံ့ တိုးလာခဲ့ပြီး ပြည်တွင်းစစ်မီး ပိုတောက်လောင်နေတယ်လို့ ကြေညာချက်မှာ ထည့်သွင်းထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာလည်း ကယား၊ ချင်း၊ ကရင်၊ တအာင်း စတဲ့ တိုင်းရင်းသားဒေသတွေမှာ စစ်အင်အားတိုးမြှင့်တာ၊ ထိုးစစ်ဆင်တိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ပစ်ခတ်တာ၊ ဖမ်းဆီးသတ်ဖြတ်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဆိုထားပါတယ်။

လက်ရှိအချိန်မှာ Covid 19 ကပ်ရောဂါ ဆိုးဆိုးဝါးဝါး ခံစားနေကြရတဲ့ ပြည်သူလူထုတွေကို စစ်ဘေးဒုက္ခ ဒဏ်ကိုပါ ထပ်ပြီးမခံစားကြရစေဖို့အတွက် အခုလို တိုက်တွန်းလိုက်တာလို့ ဆိုထားပါတယ်။

ကိုဗစ်ကာကွယ်ဆေး ထိုးသင့်တဲ့သူတွေကို အချိန်မီ ဆေးထိုးနိုင်ဖို့နဲ့ အိမ်နီးချင်းနိုင်ငံတွေ၊ ကမ္ဘာ့ ကိုဗစ်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးနေချိန်မှာ မြန်မာပြည်အနှံ့ ပြင်းထန်နေတဲ့ တိုက်ပွဲတွေကို လက်တွေ့ကျကျ ရပ်တန့်ဖို့ လိုတယ်လို့လည်း ဆိုပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးနဲ့ ကြူကုတ် (ပန်ဆိုင်း) မြို့တွေမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား နေ့စဉ်လိုလို နှစ်ဘက်စစ်ရေးအရှိန်မြင့်တက်ခဲ့ပြီး ထိခိုက်ကျဆုံးတာတွေလည်း ရှိနေပါတယ်။

တိုက်ပွဲတွေအရှိန်မြင့်လာခဲ့ပြီး စက်တင်ဘာလ ၁ ရက် အထိ စစ်ကောင်စီဘက်က ကျဆုံးသူ ၂၈ ဦး၊ ကိုးကန့် တပ်ဘက်က နှစ်ဦးရှိတယ်လို့ ကိုးကန့်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org