ရသေ့တောင်မြို့နယ်မှာ ပေါက်ကွဲမှုဖြစ် ကလေးတစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ခရုချောင်းကျေးရွာမှာ တိုက်ပွဲလက်ကျန် ဗုံးတစ်လုံး ဒီနေ့မနက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် ကလေးတစ်ဦး သေဆုံးပြီး နောက်ထပ်ကလေးနှစ်ဦး ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ ရွာသားတွေက RFA ကိုပြောပါတယ်။

ရသေ့တောင်မြို့အဝင်ကို တွေ့ရစဉ်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ခရုချောင်းကျေးရွာမှာ တိုက်ပွဲလက်ကျန် ဗုံးတစ်လုံး ဒီနေ့မနက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် ကလေးတစ်ဦး သေဆုံးပြီး နောက်ထပ်ကလေးနှစ်ဦး ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ ရွာသားတွေက RFA ကိုပြောပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ခရုချောင်းကျေးရွာမှာ ဒီနေ့မနက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ ကလေးတစ်ဦး သေဆုံးပြီး နောက်ထပ်ကလေးနှစ်ဦး ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ အဲဒီ ရွာသားတွေက RFA ကို ပြောပါတယ်။

ခရုချောင်းကျေးရွာသားတစ်ဦးဖြစ်တဲ့ ဦးလှသိန်းမောင်က -

"အကြီးသူကဆိုလို့ရှိရင် တစ်ကိုယ်လုံး စုတ်ပြတ်သွားတယ်။ အလတ်သူကတော့ ခြေသလုံးကို ဖောက်သွားတယ်။ အငယ်ဆုံးကလေး လေးနှစ်သမီးကလေးမှာတော့ ဗိုက်ကိုနည်းနည်း ဖောက်သွားတယ်။ လည်ပင်းကိုလည်း ဖောက်သွားတယ်။ ပေါက်ကွဲတာက အစိုးရတပ်မှ စွန့်ပစ်သွားတဲ့ ဗုံးသီးလို့ထင်တယ်"

သေဆုံးသွားတဲ့ကလေးက အသက် ၁၃ နှစ်၊ ခုနှစ်တန်းအရွယ် အောင်မျိုးနိုင်ဖြစ်ပြီး ဒဏ်ရာရသူတွေကတော့ အသက် ၁၁ နှစ်အရွယ် အောင်မျိုးဝင်းနဲ့ အသက် လေးနှစ်အရွယ် သိန်းမေဦး ဖြစ်တယ်လို့ သိရပါတယ်။ ဒဏ်ရာရတဲ့ ကလေးနှစ်ယောက်ကို ရသေ့တောင်ဆေးရုံကနေတဆင့် စစ်တွေဆေးရုံကြီးကို နေ့လယ်ပိုင်းမှာ အရေးပေါ် ပို့ဆောင်လိုက်ရပါတယ်။

သေဆုံးတဲ့ အောင်မျိုးနိုင်နဲ့ ဒဏ်ရာရသူ အောင်မျိုးဝင်းတို့ဟာ အညီအစ်ကိုအရင်းတွေဖြစ်ပြီး သူတို့ရဲ့ ဝမ်းကွဲညီမကို ထိန်းနေရာကနေ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ ရွာသားတွေက ပြောပါတယ်။

ရသေ့တောင်မြို့နယ်အတွင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေတာနဲ့ဆက်နွယ်ပြီး ခရုချောင်းကျေးရွာသားတွေဟာ ပြီးခဲ့တဲ့လကပဲ ကျေးရွာဘုန်းတော်ကြီးကျောင်းကို ထွက်ပြေးခိုလှုံနေကြတာ ဖြစ်ပါတယ်။

ဒီနေ့မနက်က ပေါက်ကွဲမှုဖြစ်တာဟာ ရွာသားတွေထွက်ပြေးခိုလှုံနေတဲ့ ဘုန်းတော်ကြီးကျောင်း ခြံစည်းရိုးအပြင်မှာဖြစ်တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းက တပ်မ-၂၂ က ခရုချောင်းကျေးရွာ စာသင်ကျောင်းနဲ့ ရွာအနီးတွေမှာ စခန်းချပြီး နယ်မြေရှင်းလင်းတယ်ဆိုပြီး လောင်ချာတွေနဲ့ ပစ်ခတ်မှုတွေရှိခဲ့တဲ့အတွက် ဒီနေ့မနက်က ပေါက်ကွဲခဲ့တာဟာ တပ်မတော်က ပစ်ခတ်လို့ မပေါက်ကွဲဘဲ ကျန်နေခဲ့တဲ့ ဗုံးသီးဖြစ်နိုင်ကြောင်း ရွာသားတွေက ယူဆနေကြပါတယ်။

ဒါနဲ့ ပတ်သက်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့

"ကျတော်တို့ အဲဒီသတင်းတော့ မရသေးဘူးပေါ့နော်၊ ဒါပေမဲ့ ဗုံးသီးရဲ့ သဘောသဘာဝက ဒီအတိုင်းနေရင်းထိုင်ရင်းနဲ့တော့ ထမပေါက်ဘူးခင်ဗျ၊ ဘေးကနေပြီးတော့ သူ့ကိုထကွဲစေနိုင်တဲ့ အားတစ်ခုခုနဲ့ တွေ့မှသာလျှင် ဒီဗုံးသီးက ကွဲလေ့ကွဲထရှိတာပေါ့၊ ဒီအတိုင်းနေရင်းထိုင်ရင်းနဲ့က ဒီဗုံးသီးတွေသည် ထမကွဲဘူး၊ နောက်ပြီး အဲဒီနားသည် တိုက်ပွဲနယ်မြေ ဖြစ်ခဲ့တဲ့အတွက်ကြောင့်မို့ ကျတော်တို့တပ်တွေ အမြဲလှုပ်ရှားနေတဲ့အတွက်ကြောင့်မို့လို့ AAက ကျတော်တို့ တပ်တွေကို ထောင်တဲ့မိုင်းလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်၊ ဘာလို့လဲဆိုတော့ ဟိုတလောကပဲ ဘူးသီးတောင်ဘက်မှာပဲ အမျိုးသမီးတစ်ယောက် နွားကျောင်းရင်းနဲ့ မိုင်းတစ်လုံးထိမိတယ်၊ ပေါင်ပြတ်သွားတယ်၊ ဒီလိုဟာမျိုးတွေလည်းရှိတယ်၊ AA က ထောင်သွားတဲ့ မိုင်းလည်းဖြစ်နိုင်တယ်၊ ကျတော်တို့ မပေါက်ကွဲတဲ့ ဗုံးသီးက ထိတယ်ဆိုတာက ဖြစ်နိုင်ခြေနည်းပါတယ်"

ဒါ့အပြင် မနေ့မနက်ပိုင်းကလည်း ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်းက ငသံဘော်ချောင်း ဘက်မှာ တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ နှစ်ဖက်လုံးက အတည်ပြုပြောပါတယ်။

အဲ့ဒီတိုက်ပွဲမှာ တပ်မတော်ဘက်က အတွဲလိုက်ပစ်တဲ့ ဒုံးတွေနဲ့ တိုက်ပွဲဖြစ်တဲ့ နေရာရော တိုက်ပွဲမဖြစ်တဲ့ နေရာတွေဘက်ကိုပါ ပစ်ခတ်တာတွေရှိတယ်လို့ ရခိုင့်တပ်မတော် AA က ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။

"မနေ့က အဲဒီမှာ တိုက်ပွဲဖြစ်တဲ့ဟာသည်ပဲလည်း ငသံဘော်ချောင်းဘက်မှာ ကျတော်တို့ တပ်ဖွဲတွေနဲ့ ဗမာစစ်တပ်ဘက်က အဲသည်မှာ ထိုးစစ်ဆင်တိုက်ခတ်လာတဲ့ စစ်ကြောင်းတွေနဲ့ တိုက်ပွဲဖြစ်တာရှိတယ်၊ ဗမာစစ်တပ်ဘက်ကတော့ အတွဲလိုက်ပစ်တဲ့ ဒုံးတွေနဲ့ တိုက်ပွဲဖြစ်တဲ့ နေရာကိုရော၊ တိုက်ပွဲမဖြစ်တဲ့နေရာရော လှမ်းပြီးပစ်တာရှိတယ်"

ဒါနဲ့ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ တပ်မတော်ဘက်က လုံခြုံရေး နယ်မြေရှင်းတဲ့တပ်တွေနဲ့ ရခိုင့်တပ်မတော်AA နဲ့ တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီး ပုံမှန်သုံးနေကြ လက်နက်ကြီး စစ်ကူပေးခဲ့တာသာရှိကြောင်း၊ အတွဲလိုက်ပစ်တဲ့ ဒုံးတွေ အသုံးပြု ပစ်ခတ်ခဲ့တာမျိုးမရှိကြောင်း အခုလို ပြောပါတယ်။

"မနေ့တုန်းကတော့ ကျတော်တို့ လုံခြုံရေးနယ်မြေရှင်းတဲ့တပ်တွေနဲ့ ဟိုဘက် AA နဲ့တော့ ထိတွေ့မှုတော့ ရှိတာလေးရှိတယ်၊ဒီဘက်က လိုအပ်လို့ လက်နက်ကြီးပစ်ကူပေးတာတော့ရှိတယ်၊ ပစ်တဲ့ဟာများတဲ့အတွက်ကြောင့် အသံကျယ်ကောင်းကျယ်မယ်၊အတွဲလိုက် ဒုံးတွေဆိုတာတော့ မဟုတ်ပါဘူး"

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ AA တို့ တိုက်ပွဲဖြစ်ပွားနေတာ ၅ လနီးပါး ကြာမြင့်နေပြီဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက စတင်ဖြစ်ပွားလာတဲ့ တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေကြောင့် ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားစုစုပေါင်း ၅၀ ကျော် သေဆုံးခဲ့တယ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ် အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ စုစုပေါင်း ၃ သောင်းကျော်နေပြီလို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင်နဲ့ ကိုမင်းသိန်းအောင် ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org