မင်းပြားမြို့နယ်မှာ တိုက်ပွဲဖြစ် ဒေသခံတွေ ထွက်ပြေး

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ကုလားမတောင်ကျေးရွာအနီးမှာ တပ်မတော်နဲ့ AA တို့ ဒီကနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့လို့ ဒေသခံတွေ ထွက်ပြေးနေကြရပါတယ်။

ရက္ခိုင့်တပ်တော် AA ရဲ့ တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ် ဓာတ်ပုံ - ရက္ခိုင့်တပ်တော် - သတင်းနှင့် ပြန်ကြားရေးဌာန

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ကုလားမတောင်ကျေးရွာအနီးမှာ တပ်မတော်နဲ့ AA တို့ ဒီကနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့လို့ ဒေသခံတွေ ထွက်ပြေးနေကြရပါတယ်။

မနက် ၉ နာရီကျော်လောက်ကစပြီး လက်နက်ကြီးတွေနဲ့ပစ် သေနတ်တွေနဲ့ပစ်ခတ်သံတွေကြားရပြီး ရွာအနီးနား ရောက်တဲ့အထိ တိုက်ပွဲဖြစ်ပွားနေလို့ နီးစပ်ရာရွာတွေဆီ ထွက်ပြေးလာကြရတယ်လို့ ကုလားမတောင်ရွာသားတွေက ပြောကြပါတယ်။

ကုလားမတောင်ရွာမှာ အိမ်ခြေ ၄၀၀ လောက်ရှိပြီး ဒီကနေ့မနက် တိုက်ပွဲကြောင့် အရွယ်စုံရွာသားတွေဟာ ဆင်ရေကန်ရွာကို အတော်များများရောက်လာကြကာ တချို့လည်း နီးစပ်ရာကျေးရွာတွေဆီ ထွက်ပြေးနေကြရလို့ ရွာမှာ လူ အယောက် ၃၀ လောက်သာ ကျန်တော့တယ်လို့ ပြောကြပါတယ်။

ကုလားမတောင်ကျေးရွာက ဦးမောင်ဆန်းက တိုက်ပွဲဖြစ်ပွားလို့ ထွက်ပြေးခဲ့ရပုံကို အခုလို ပြောပါတယ်။

"နံနက် ၉ နာရီအချိန်လောက်ပေါ့၊ လက်နက်ကြီးနဲ့ပစ်တယ် လက်နက်ငယ်တွေနဲ့ ပစ်သံတွေကြားရတယ် ရွာတိုင်းရွာတိုင်းမှာပဲ ခိုလှုံနေကြတယ် လူနည်းနည်းပဲ ကျန်တယ် ၂၀ ကျော် ၃၀ လောက်ပဲ ကျန်တယ်"

ကုလားမတောင်ကျေးရွာအနီးတစ်ဝိုက်မှာ AA တပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့နေရာဖြစ်လို့ တပ်မတော်က နယ်မြေ ရှင်းလင်းတဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာလို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး က RFA ကို ပြောပါတယ်။

တိုက်ပွဲရှောင်တွေ များလာအောင်လို့ တမင်တိုက်ကွက်လာဖော်တယ်လို့ပဲ ထင်တယ်

"ကုလားမတောင်ရဲ့အရှေ့ဘက် မီတာ ၁၀၀၀ လောက် ကွာတယ် ၉ နာရီခွဲလောက်မှာဖြစ်တာ ၁၀ နာရီဝန်းကျင် လောက်မှာ ပြီးသွားတယ် နာရီဝက်လောက်ပဲကြာတယ် သာမန် ဟိုဘက်ဒီဘက်ပစ်တာ ခတ်တာလောက်ပဲ အဲဒီနား AA ကို လက်ခံထားတာကိုး ရွာသားတွေထွက်ပြေးအောင် တမင် ရွာနားမှာ တိုက်ကွက်ဖော်တာပေါ့ ဒီကောင်တွေက ရွာနားမှာလာကပ်နေတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့က ရွာတွေဘာတွေကို သတင်းဖော်ထုတ်တယ် ဖော်ထုတ်တဲ့အခါကျတော့ ရွာအဝင် ရွာအထွက် ရွာနဲ့တစ်မိုင်ပတ်လည် ဒီလိုနေရာတွေမှာ တိုက်ကွက်လာဖော်တဲ့အခါကျတော့ တိုက်ပွဲရှောင်တွေ များလာအောင်လို့ တမင်တိုက်ကွက်လာဖော်တယ်လို့ပဲ ထင်တယ် တိုက်ကွက်ဖော်တာချင်းအတူတူ စစ် တိုက်တာပဲလေ တောထဲမှာလည်း လာတိုက်လို့ရတာပဲ’’

မနက်က အဲဒီနေရာမှာ တိုက်ပွဲဖြစ်ပွားတာရှိခဲ့ပြီး တပ်မတော်က နယ်မြေရှင်းလင်းတာဖြစ်တယ်လို့ ပြောဆိုချက် အပေါ် AA ပြောခွင့်ရသူ ခိုင်သုခက ရခိုင်ပြည်နယ်ထဲမှာ AA တပ်ဖွဲ့ဝင်တွေက နေရာဒေသမရွေး လှုပ်ရှားနေမှာ ဖြစ်တယ်လို့ ပြောပါတယ်။

"ရက္ခိုင့်တပ်တော်က ရခိုင်ပြည်ရဲ့လုံခြုံရေးကို အပြည့်အဝ တာဝန် ယူရမှာဖြစ်လို့ ဘယ်နေရာမှာမဆို သင့်တော်တဲ့နေရာတွေမှာ ကျွန်တော်တို့က နေရာယူမှာပဲလေ ရခိုင်တစ်ပြည်လုံးကို ရက္ခိုင့် တပ်တော်က တာဝန်ယူရမယ်လို့ ခံယူထားတယ်လေ ထိခိုက် ကျဆုံးမှုကတော့ အသေးစိတ်မသိရသေးဘူး တိုက်ပွဲသတင်း အပြည့်အစုံ ကျွန်တော့်ဆီမရောက်လာသေးဘူး မြို့နယ်တိုင်းမှာ တော့ စစ်ရေးတင်းမာမှုက တော့ ရှိနေဦးမှာပဲ တိုက်ပွဲကတော့ ရှေ့လာမယ့်ရက်တွေမှာ ပြင်းထန်လာနေဦးမှာပဲ"

ကုလားမတောင်ကျေးရွာအနီး တိုက်ပွဲဟာ နှစ်ဘက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ နာရီဝက်လောက်သာကြာခဲ့ပြီး ထိခိုက်ဒဏ်ရာ ရသူတွေ မရှိခဲ့ဘူးလို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦး က ပြောပါတယ် ခင်ဗျာ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org