ရခိုင်ပြည်နယ်ခရီး ၈၈ ကျောင်းသားများ သတင်းစာရှင်းလင်း

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဘင်္ဂါလီ-ရိုဟင်ဂျာ အရေး ကိစ္စဟာ အင်မတန် နက်နဲ သိမ်မွေ့တဲ့ အတွက် လူ့အခွင့်အရေး ရှုထောင့် တစ်ဘက်တည်းက မကြည့်ဘဲ တိုင်းတစ်ပါး နိုင်ငံသားတွေရဲ့ ကျူးကျော်မှု၊ နယ်စပ်ဒေသမှာ တာဝန် ထမ်းဆောင်တဲ့ အစိုးရ ဝန်ထမ်းတွေရဲ့ အဂတိ လိုက်စားမှု ကိစ္စတွေကိုပါ ဘက်ပေါင်းစုံက ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်လို့ (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားလိုက်ပါတယ်။

၈၈ မျိုးဆက်ကျောင်းသားများ၏ "ရခိုင်ပြည်နယ် ခရီးစဉ်များအတွက် သတင်းစာရှင်းလင်းပွဲ" ကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းရှိ (၈၈) မျိုးဆက် ကျောင်းသားများ ရုံးချုပ်မှာ ၂၀၁၂ ခုနှစ် သြဂုတ်လ ၅ ရက်နေ့က ပြုလုပ်နေစဉ်။ 88 Generation Student Group

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်မှာ ရှိတဲ့ (၈၈) မျိုးဆက် ကျောင်းသားများ ရုံးချုပ်မှာ ဒီကနေ့ ညနေပိုင်းက ပြုလုပ်တဲ့ (၈၈) မျိုးဆက် ကျောင်းသားတွေရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်နဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကိုမင်းကိုနိုင်က အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

"ဒီကိစ္စမှာ လူ့အခွင့်အရေး ရှုထောင့် တစ်ဘက်တည်းက မကြည့်ဘဲ ကျနော်တို့ နိုင်ငံရဲ့ သမိုင်းကြောင်းနဲ့ ကျနော်တို့ တမျိုးသားလုံးရဲ့ အကျိုးစီးပွားတွေ၊ ပြည်ပက ကျူးကျော် ဝင်ရောက်နေမှုတွေ၊ အဲဒီမှာလည်း မတရားသဖြင့် ဒီက အကျင့်ပျက်တဲ့ ဝန်ထမ်းတွေကြောင့် တချိန်တုန်းက ဝင်ရောက်လာတဲ့သူ နည်းလမ်းပေါင်းစုံနဲ့ ဝင်ရောက်လာသူတွေ ရှိပါတယ်။ ဒါကြောင့် ကျနော်တို့ အမျိုးသား အကျိုးစီးပွားအတွက် နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေနဲ့ တိုင်းရင်းသားဆိုလည်း တိုင်းရင်းသားတွေနဲ့ အခွင့်အရေးတွေ အားလုံး ခြုံပြီး ကြည့်ရပါမယ်။ "

ဒါအပြင် ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး အခြေအနေမှန်တွေ ဖော်ထုတ်ဖို့  မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနားရဲ့ တိုက်တွန်းချက်အပေါ် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ရဲ့ သဘောထားနဲ့ ပတ်သက်လို့ ကိုယ်တိုင် သွားရောက် စုံစမ်း လေ့လာခဲ့တဲ့ မမီးမီးက အခုလို ပြောပါတယ်။

"လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်မှာ ပါဝင်မယ့်သူတွေဟာ တကယ်ကို လွတ်လွတ်လပ်လပ် စုံစမ်းခွင့် ရသလား၊ မရသလား ဆိုတဲ့အပေါ်မှာလည်း မူတည်သလို အာဏာပိုင်ကလည်း လွတ်လွတ်လပ်လပ် စုံစမ်းခွင့်ကို ခွင့်ပြုရမှာ ဖြစ်သလို ဒေသခံ တိုင်းရင်းသား ပြည်သူတွေကလည်း ကိုယ့်ရဲ့ ဒေသ အကျိုးစီးပွားအတွက် ဒီကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။"

(၈၈) မျိုးဆက်ကျောင်းသားများ အဖွဲ့ဟာ မကြာသေးခင်က ရခိုင်ပြည်နယ်ကို (၃) ကြိမ် သွားရောက်ခဲ့ပြီး ကျပ်သိန်း (၃၅၀) ဖိုးခန့်ရှိတဲ့ အကူအညီတွေကို ဒုက္ခသည်တွေထံ ပေးအပ်ခဲ့ပါတယ်။ ဒီခရီးစဉ်တွေနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေကို ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ၊ ကိုပြုံးချို၊ မနီလာသိန်းနဲ့ မမီးမီးတို့က သတင်း မီဒီယာတွေကို ရှင်းလင်းပြောကြားခဲ့ ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org