ဝန်းသိုမြို့ ရွာပေါင်း ရှစ်ရွာက နေအိမ်တွေ မီးရှို့ခံရ
မီးလောင်ဆုံးရှုံးသွားတဲ့ အိမ်အရေအတွက်စာရင်းကတော့ မသိရသေးဘဲ စိန်လည်၊ သပြေသာနဲ့ ရှမ်းစုရွာတွေကတော့ ရွာလုံးကျွတ် မီးလောင်ခဲ့တယ်လို့ ဆိုပါတယ်။
- 2022-04-24
-
-
-
စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်အတွင်းက ရွာပေါင်း ရှစ်ရွာကို ဧပြီလ ၂၃ ရက် မနေ့ညက စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေကာ နေအိမ်တွေ မီးရှို့ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွာသုံးရွာကတော့ ရွာလုံးကျွတ် မီးထဲပါသွားတယ်လို့ Wuntho Revolution က အဖွဲ့ဝင် တစ်ယောက်က RFA ကို ပြောပါတယ်။
“မနေ့ည ၁၁ နာရီမှာ စိန်လည်ရွာကို စပြီး မီးရှို့တယ်။ အဲဒီကနေ သပြေသာ၊ ရှမ်းစု ရွာစဉ်တစ်လျှောက် ရှို့နေတာ၊ ရွာမှာက ဖုန်းလိုင်း၊ အင်တာနက်လိုင်းကလည်း မရကြဘူး။ ကောလင်း၊ ပင်လည်ဘူး၊ ဝန်သို နယ်ဘက်မှာ သူတို့စစ်သားတွေ သေတာများတော့ ရွာတွေကို မီးရှို့ဖျက်ဆီးနေတာ။ မီးလောင်မှုပါသွားတဲ့ စာရင်းအတိအကျကိုတော့ မသိရသေးဘူး“
မီးလောင်ဆုံးရှုံးသွားတဲ့ အိမ်အရေအတွက်စာရင်းကတော့ မသိရသေးဘဲ စိန်လည်၊ သပြေသာနဲ့ ရှမ်းစုရွာတွေကတော့ ရွာလုံးကျွတ် မီးလောင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်သားအင်အား ၅၀ ခန့်နဲ့ ဝန်းသိုအခြေစိုက် ခမရ (၁၁၁) တပ်က စိန်လည်၊ သပြေသာ၊ ရှမ်းစု၊ အလယ်ခုံ၊ အောင်းကုန်း၊ ဥသျှစ်ခုံ၊ ကျောက်ပေါက်ခုံနဲ့ ကျွန်းလှခုံ စတဲ့ရွာတွေကို စစ်ကြောင်းထိုးနေတာဖြစ်ပြီး ဝန်းသိုနယ်တောင်ဘက်ပိုင်း ရွာပေါင်း ၄၀ လောက်က ဒေသခံ နှစ်သောင်းကျော်လည်း စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့က ဂျိုတောင်ရွာနားမှာ စစ်ကောင်စီတပ်နဲ့ PDF တပ်တွေရဲ့ နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီဘက်က အသေအဆုံးများခဲ့လို့ အနီးနားကရွာတွေကို မီးလိုက်ရှို့နေတာဖြစ်မယ်လို့ ဒေသခံတွေက ခန့်မှန်းပြောကြပါတယ်။
စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်က ကျေးရွာတွေမှာလည်း စစ်ကောင်စီတပ်နဲ့ PDF တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ပြောပါတယ်။
Data For Myanmar အဖွဲ့ရဲ့ စာရင်းတွေအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် ဧပြီ လ ၁၃ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့တွေ မီးရှို့လို့ နေအိမ် ၉၁၈၇ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။