မြင်းခြံမြို့နယ် စိန်ကျောင်းရွာမှာ နေအိမ် ၄၀၀ ခန့် မီးရှို့ဖျက်ဆီးခံရ

မြင်းခြံမြို့နယ်ထဲက အိမ်ခြေငါးရာကျော်ရှိတဲ့ စိန်ကျောင်းရွာကို စစ်ကောင်စီတပ် ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ်လေးရာနီးပါး ပျက်စီးသွားပါတယ်။

စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့သည့် မြင်းခြံမြို့နယ် ပျို့ကန်ရွာအား ၂၀၂၄ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲက အိမ်ခြေငါးရာကျော်ရှိတဲ့ စိန်ကျောင်းရွာကို ဧပြီလ ၂၀ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ် ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ်လေးရာနီးပါး ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အားနှစ်ရာခန့်ပါ စစ်ကြောင်းဟာ စိန်ကျောင်းရွာကို သုံးနာရီကြာ ဝင်ရောက်စီးနင်းပြီးနောက် နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ အမည်မဖော်လိုတဲ့ မြင်းခြံဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"စိန်ကျောင်းကို ဝင်စီးတဲ့အချိန် သုံးနာရီနီးပါးအတွင်းမှာ အိမ်လေးရာနီးပါး ပါသွားတယ်။ စစ်ကြောင်းက စိန်ကျောင်းကထွက်ပြီး ရန္တပိုရွာကိုဝင်တယ်။ ရန္တပိုမှာတော့ နေအိမ်နှစ်လုံး၊ ကျောင်းဆောင်တစ်ဆောင်ပဲ မီးလောင်ပျက်စီးတယ်။ ဒီမနက်ပိုင်းတော့ ရန္တပိုကထွက်ပြီး ညောင်တိုရွာကို ဝင်နေပါတယ်"

အဲဒီစစ်ကြောင်းဟာ တလုပ်မြို့ကနေ မြင်းခြံမြို့နယ်အတွင်းကို ဝင်ရောက်လာပြီး တစ်ရွာဝင်တစ်ရွာထွက် ဝင်ရောက်စီးနင်းနေတာကြောင့် ညောင်ရိုး၊ ကိုင်း၊ ရန္တပိုနဲ့ စိန်ကျောင်း စတဲ့ရွာတွေက ဒေသခံ နှစ်ထောင်နီးပါးလည်း ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

ဧပြီလ ၂၁ ရက်နေ့ ဒီနေ့မနက်ပိုင်းမှာတော့ စိန်ကျောင်းရွာနဲ့ သုံးမိုင်ကျော်ဝေးတဲ့ ညောင်တိုရွာကို ထပ်မံဝင်ရောက်စီးနင်းနေပြီး နေအိမ်တွေကို မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လတ်တလောအခြေအနေအရ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်တာမျိုး မရှိသေးဘဲ စစ်ရေးအခြေအနေအရ အပြန်အလှန်စောင့်ကြည့်နေကြတယ်လို့ ဆိုပါတယ်။

နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတဲ့အပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

မီးရှို့ခံရမှုတွေကို စာရင်းပြုစုနေတဲ့ Data For Myanmar အဖွဲ့ရဲ့ ဧပြီ ၁၅ ရက်နေ့အထိစာရင်းအရ စစ်တပ်အာဏာသိမ်း သုံးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ နေအိမ်ရှစ်သောင်းကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org