၁၀၂၇ စစ်ဆင်ရေးကာလ အရပ်သား ခြောက်ဆယ်ကျော်သေ၊ တစ်ရာကျော် ဒဏ်ရာရ
၁၀၂၇ စစ်ဆင်ရေးကာလ တစ်လကျော်အတွင်း အရပ်သား ခြောက်ဆယ်ကျော် သေဆုံးပြီး တစ်ရာကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA က နိုဝင်ဘာလ ၂၃ ရက် မနေ့က ထုတ်ပြန်ပါတယ်။
-
RFA Burmese
2023-11-24 -
-
-
ရှမ်းပြည်နယ်၊ မြောက်ပိုင်းမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလ တစ်လကျော်အတွင်း အရပ်သား ခြောက်ဆယ်ကျော် သေဆုံးပြီး တစ်ရာကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်း (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က နိုဝင်ဘာလ ၂၃ ရက် မနေ့က ထုတ်ပြန်ပါတယ်။
သေဆုံးခဲ့တဲ့ အရပ်သား ခြောက်ဆယ်ကျော်ထဲမှာ အသက်မပြည့်သေးတဲ့ ကလေးသူငယ် ၁၄ ဦး ပါဝင်နေတယ် လို့ ဆိုပါတယ်။ ဒါပေမဲ့ သေဆုံးထိခိုက်ခဲ့သူတွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။
လက်နက်ကိုင် တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရှမ်းပြည်နယ်၊ မြောက်ပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးနေရတာလို့ လားရှိုးမြို့က အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"တကယ်က တိုက်ပွဲဖြစ်နေရင်တောင် လွတ်ကင်းရာကို ပြောင်းတာ ရွှေ့တာ အမြန်လုပ်လို့ရတယ်။ လေကြောင်းကနေဖြစ်ဖြစ်၊ လက်နက်ကြီး ပစ်တာဖြစ်ဖြစ်ဆိုရင် ရှောင်ဖို့တိမ်းဖို့ အချိန်မရှိတော့ဘူး။ အခုသေဆုံးသူ အများစုဟာလည်း လက်နက်ကြီးထိမှန်တာက ပိုများပါတယ်"
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်နေ့မှာပဲ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းမှာရှိတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် လားရှိုးမြို့နယ်၊ မန်ဖတ်ရွာက အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီ ပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မူဆယ် ၁၀၅ စခန်းကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ဘက်က အဝေးကနေ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ နိုဝင်ဘာ ၂၄ ရက် ဒီနေ့ထုတ် မြန်မာ့အလင်း သတင်းစာ ကနေ ပြောဆိုထားပါတယ်။
အရပ်သားတွေ ထိခိုက်ဒဏ်ရာရမှုတွေရှိနေတာနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံမဖြေဆိုပါဘူး။
၁၀၂၇ စစ်ဆင်ရေး ကြေညာပြီးနောက်ပိုင်း ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်း၊ နောင်ချို၊ လားရှိုး၊ မန်တုံ၊ သိန္နီ၊ ချင်းရွှေဟော်၊ လောက်ကိုင်နဲ့ ကျောက်မဲ မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ကြား တိုက်ပွဲတွေ ပြင်းထန်နေတာပါ။