သုံးလအတွင်း အမျိုးသမီးတစ်ရာကျော် သတ်ဖြတ်ခံရ

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် ဖမ်းဆီး သတ်ဖြတ်ခံရမှုတွေကြောင့် သုံးလအတွင်း တိုင်းနဲ့ပြည်နယ် ၁၁ ခုမှာ အမျိုးသမီး ၁၁၁ ဦးသေဆုံးခဲ့ပါတယ်။

၂ဝ၂၁ ခုနှစ် ဇွန်လလယ်ပိုင်းက မန္တလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး တောင်းဆိုဆန္ဒပြသည့် အမျိုးသမီး သပိတ်စစ်ကြောင်းတစ်ခုကို တွေ့ရစဉ်။ Citizen Journalist

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် ဖမ်းဆီးသတ်ဖြတ် ခံရမှုတွေကြောင့် ၂၀၂၃ ခုနှစ် ဧပြီလကနေ ဇွန်လအထိ သုံးလအတွင်း တိုင်းနဲ့ပြည်နယ် ၁၁ ခုမှာ အမျိုးသမီး ၁၁၁ ဦးသေဆုံးခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ဇွန်လ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူဦးရေ အများဆုံးဖြစ်ပြီး လက်နက်ကြီးပေါက်ကွဲမှု၊ ဖမ်းဆီးခံရပြီးမှ သတ်ဖြတ်ခံရမှု၊ မီးရှို့သတ်ဖြတ်ခံရမှုနဲ့ ပစ်သတ်ခံရသူတွေလည်း ပါဝင်တယ်လို့ BWU ရဲ့စာရင်းတွေမှာ ဖော်ပြပါတယ်။

လက်နက်ကိုင်မထားတဲ့ အမျိုးသမီးတွေကို ပစ်မှတ်ထား သတ်ဖြတ်နေတာဟာ လူသားချင်းစာနာစိတ်မရှိတဲ့ အခြေအနေလို့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က ဒေသခံ အမျိုးသမီးတစ်ဦးက RFA ကိုပြောပါတယ်။

“အရင်ကတော့ ကြောက်တယ်။ အခုတော့ မကြောက်ဘူး ရွံတာ။ အခုလို အမျိုးသမီးတွေကို ရက်ရက်စက်စက်သတ်တဲ့အပေါ် သူတို့ရဲ့ ကြောက်ရွံ့စိတ်တွေပေါ့။ သူတို့ရဲ့ ယုတ်မာတဲ့ စိတ်တွေလည်း တွေ့ရတယ်။ ကျွန်မတို့ အမြင်ကတော့ သူတို့ဟာ လူသားချင်းစာနာတဲ့ စိတ်ထားမရှိတဲ့ အဖွဲ့အစည်း၊ အကြမ်းဖက်အဖွဲ့အစည်းလို့ပဲ ကျွန်မတို့ မြင်ပါတယ်”

ဒီသုံးလအတွင်း အမျိုးသမီး ၁၁၁ ဦးကို သတ်ဖြတ်တဲ့အပြင် နောက်ထပ်အမျိုးသမီး ၆၇ ဦးကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ BWU ကပြောပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်တာ မတွေ့ရသေးပါဘူး။

အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်း အမျိုးသမီး ၅၆၉ ဦး သတ်ဖြတ်ခံခဲ့ရ၊ ၃၆၂၃ ဦး ဖမ်းဆီးခံထားရသလို ၇၇၃ ဦးကတော့ ပြစ်ဒဏ်တွေ ချမှတ်ခံထားရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ကထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org