စစ်အာဏာသိမ်း ရှစ်လနီးပါးအကြာ လုံခြုံမှုအကင်းမဲ့ဆုံး ရန်ကုန်
2021.09.22
မြန်မာနိုင်ငံရဲ့ လူဦးရေအထူထပ်ဆုံးနဲ့ အဓိကစီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်ဟာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာမသိမ်းခင်က စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ကိစ္စတွေအတွက် တစ်နိုင်ငံလုံးက အားကိုးရတဲ့ မြို့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါတာကြောင့် နေစရာအကောင်းဆုံး မြို့ကြီးတစ်မြို့ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အခု စစ်အာဏာသိမ်းပြီး ရှစ်လနီးပါးအကြာမှာတော့ လုံခြုံမှုအကင်းမဲ့ဆုံး မြို့ကြီးဖြစ်လာနေပါပြီ။
ကမ္ဘာမှာ မြန်မာနိုင်ငံရယ်လို့ သိသာထင်ရှားစေတဲ့ အထင်ကရ စေတီတော်ကြီးဖြစ်တဲ့ ရွှေတိဂုံ ဟာ ရန်ကုန် မြို့မှာ တည်ရှိပါတယ်။ ကိုဗစ်ကပ်ဘေး မြန်မာနိုင်ငံကို မကူးစက်ခင်နဲ့ စစ်အာဏာမသိမ်းခင်ကဆို လပြည့် လကွယ်ရောက်တိုင်း ရွှေတိဂုံစေတီမှာ ဘုရားဖူးပြည်သူတွေ ထောင်သောင်းချီပြီးရှိခဲ့တာပါ။ အခု ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၀ ရက် တော်သလင်းလပြည့်နေ့မှာတော့ ဘုရားဖူးသူတွေ အတော်နည်းသွားတာကို မြင်တွေ့ ရပါတယ်။ လေးဘက်လေးတန် ဘုရားမုဒ်ဝတိုင်းမှာ စစ်ဝတ်စုံသာမက အရပ်ဝတ်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စောင့်ကြပ်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောကြပါတယ်။
ဗုဒ္ဓဘာသာဝင်တိုင်း အထွဋ်အမြတ်ထားရာ ရွှေတိဂုံစေတီတော်ကြီးမှာ စစ်သားတွေ စောင့်ကြပ်နေတဲ့အတွက် ဘုရားဖူး မဖြောင့်တာကြောင့် မသွားဖြစ်တာကြာပြီလို့ ရန်ကုန်မြို့သူ မစုစု က RFA ကို ပြောပါတယ်။
“အမှန်ဆိုရင် ခဏခဏရောက်ဖြစ်တယ်၊ ရွှေတိဂုံဘုရားတို့ ဆူးလေတို့၊ ကမ္ဘာအေးတို့ဆိုတာ ပုံမှန်၊ အခုဆို မရောက်ဖြစ်တာ နှစ်နှစ်ကျော်ပြီ။ ကိုဗစ်ဖြစ်တာနဲ့ စစ်တပ်က အာဏာသိမ်းတယ်ဆိုပြီးတော့၊ သူတို့က ဖွင့်ပါတယ်။ ဖူးချင်ရင် ကိုယ့်ရဲ့သဘောပါပဲ။ ဘုရားပေါ်မှာ စစ်တပ်က တပ်ရင်းကရှိတယ်။ သွားပြီဆိုရင် သူတို့စစ်သားတွေကို အရင်ဆုံးတွေ့တယ်။ သူတို့တွေရှိလို့ ညီမတို့က မဖူးချင်ဘူး။ ရှေ့ကသာဦးချနေတာ နောက်ကဘာဖြစ်မလဲ ကျောကမလုံဘူး။"
အရင်က ကားတွေလူတွေနဲ့ အချိန်တိုင်း ပြွတ်သိပ်ကျပ်ညပ်နေတဲ့ ရန်ကုန်မြို့လယ် လမ်းမတွေဟာ အခုတော့ နေ့ခင်းဘက်မှာတောင် သွားလာသူ နည်းပါးလှပြီး ညနေစောင်းအချိန်တွေမှာတော့ လူသူကင်းမဲ့ ခြောက်ကပ် တိတ်ဆိတ်နေတာကို မြင်တွေ့ရပါတယ်။
တတိယမြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့တဲ့ အလောင်းမင်းတရားကြီးဟာ ဒဂုံကိုရောက်တဲ့အခါ ရန်သူအားလုံး ကို ကုန်စင်အောင် တိုက်ထုတ်နိုင်ခဲ့လို့ ရန်ကုန်လို့ သတ်မှတ်ခဲ့တဲ့ သမိုင်းဝင်မြို့တစ်မြို့ဖြစ်ပါတယ်။
၂၀၀၆ ခုနှစ်မှာ စစ်အစိုးရက နေပြည်တော်ကို မြန်မာနိုင်ငံရဲ့ မြို့တော်အဖြစ် တရားဝင်သတ်မှတ်လိုက်တာ ကြောင့် ရန်ကုန်ဟာ စီးပွားရေးမြို့တော်အဖြစ်နဲ့သာ ဆက်လက်ရပ်တည်ခဲ့ရပေမဲ့ တစ်နိုင်ငံလုံးက ပြည်သူ တွေရဲ့ နှလုံးသားမှာတော့ ရန်ကုန်ဟာ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ စုပေါင်းနေထိုင်တဲ့ လိုချင်တာမှန်သမျှ အလုံးစုံရနိုင်တဲ့ မြို့တော်ကြီးတစ်ခု ဖြစ်နေခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ရဲနဲ့စစ်တပ်က ပြည်သူလူထုရဲ့ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ တွေကို အကြမ်းဖက်ဖြိုခွင်းမှု၊ သံသယနဲ့ ဖမ်းဆီးနှိပ်စက်မှုတွေကြောင့် ဖေဖော်ဝါရီ ၁ ရက်ကနေ စက်တင်ဘာ ၂၁ ရက်အထိ ရှစ်လနီးပါးကာလအတွင်း ရန်ကုန်တစ်မြို့တည်းကနေ သေဆုံးသူအရေအတွက် ၁၃၄ ယောက် ရှိတာကို RFA က လေ့လာတွေ့ရှိခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG က စက်တင်ဘာ ၇ ရက်နေ့မှာ အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီး နောက်ပိုင်းမှာတော့ ရန်ကုန်ဟာ စစ်အာဏာရှင်ကို အရဲရင့်ဆုံး ခုခံနေတဲ့ လူငယ်လူလတ်အားလုံးအတွက် လုံခြုံမှုအကင်းမဲ့ဆုံး မြို့ကြီးတစ်ခု ဖြစ်လာတယ်လို့ လူငယ်တွေက ပြောကြပါတယ်။
အပြင်ထွက်တော့မယ်ဆိုရင် အဝတ်အစား ဝတ်ဆင်တာကအစ အကြောက်တရားတွေနဲ့ ဆင်ဆင်ခြင်ခြင် ဝတ်ဆင်သွားလာနေရတယ်လို့ ဗဟန်းမြို့နယ်က အသက် ၃၀ ကျော်အရွယ် မဒိုရာ က ပြောပါတယ်။
“အကြောက်တရားတွေနဲ့နေရတယ်။ ဝတ်တာ စားတာ၊ သွားတာလာတာ၊ နေတာထိုင်တာက အစ။ အဝတ်အစားဆို အင်္ကျီအမဲဝတ်တာတို့ Mask အနက်ရောင်တပ်တာတို့ ဒါတွေကအစ ငါ့ကိုများခေါ်စစ်မလား။ ဖုန်းဆိုရင်လည်း ပေါ့ပေါ့ပါးပါးနဲ့ သယ်သွားလို့မရတော့ဘူး။ သိမ်းထားတဲ့ တော်လှန်ရေးနဲ့ ပတ်သက်တဲ့ ဓာတ်ပုံတွေရှိရင် ဖျက်ရတာတွေပေါ့နော်။"
RFA က သီးသန့်ကောက်ယူထားတဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ဇူလိုင်လကစလို့ ရန်ကုန်မှာ ဗုံးပေါက်ကွဲမှုတွေ မကြာခဏဖြစ်လာပြီး စက်တင်ဘာ ၁၈ ရက် တစ်ရက်တည်းမှာတင် အင်းစိန်၊ မြောက်ဥက္ကလာ၊ တွံတေး၊ မြောက်ဒဂုံ၊ ခရမ်း၊ ရွှေပြည်သာ၊ ပုဇွန်တောင်၊ လှိုင်၊ ဗဟန်း၊ မရမ်းကုန်း၊ သန်လျင်၊ တောင်ဥက္ကလာ စတဲ့ မြို့နယ် ၁၂ ခုမှာ ဗုံးပေါက်ကွဲမှုပေါင်း ၂၂ ကြိမ်အထိ ဖြစ်ခဲ့ပါတယ်။
ဒီလိုဗုံးပေါက်ကွဲမှုတွေနဲ့ နောက်ဆက်တွဲ ဖမ်းဆီးမှုတွေကြောင့် မိသားစုဝမ်းရေးအတွက် အမှိုက်လှည်းတွန်းပြီး ငွေရှာပေးနေတဲ့ သားဖြစ်သူအတွက် နေ့စဥ်စိတ်ပူနေရတယ်လို့ တောင်ဒဂုံမြို့နယ်က အသက် ၄၂ နှစ် အရွယ် မိခင်တစ်ဦးက ပြောပါတယ်။
“ဪ ငါ့သားလေးများ မဖြစ်ပါစေနဲ့ ဆုတောင်းရတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဟိုနေရာပေါက်တယ်၊ ဒီနေရာပေါက်တယ်၊ ဟိုနေရာကွဲတယ်၊ ဒီနေရာကွဲတယ်ဆိုတာ ကြားနေရတော့ စားသာ စားတယ် မြို မကျဘူး။ ကိုယ်သာထွက်လုပ်ချင်တယ်။ ကိုယ်ကလည်းရောဂါရှိတယ်၊ အိမ်မှာလည်း ကလေး နှစ်ကောင်နဲ့ ဆိုတော့ ဘာမှလုပ်မရဘူး။"
လျှပ်စစ်ပစ္စည်းဆိုင်မှာ အရောင်းဝန်ထမ်းလုပ်နေတဲ့ အသက် ၁၆ နှစ်အရွယ် သားအတွက် စိတ်ပူနေရတဲ့ သာကေတမြို့နယ်က မိခင်ဖြစ်သူ မညို ကတော့ သားဖြစ်သူ အလုပ်အသွားအပြန်ကို ကိုယ်တိုင် ကြိုပို့ပေး နေရတယ်လို့ ပြောပါတယ်။
“အပြင်သွားရင်လည်း စိတ်မချတာတွေ ရှိတာပေါ့။ အိမ်ပြန်မရောက်မချင်း စိတ်ပူနေရတာပေါ့။ သားလေး သွားရင် တကောက်ကောက် လိုက်ပေးရတာပေါ့။ အပြင်မှာလုံခြုံမှုမရှိဘူး။ အမြဲတမ်းစိုးရိမ်နေရတယ်။ စိတ်ပူနေရတယ်။ ဘာများဖြစ်မလဲ အိမ်ပြန်မလာမချင်း စိတ်ပူနေရတာပေါ့။ အဲတော့ ကိုယ်ပါလိုက်ရ တာပေါ့။"

စစ်တပ်နဲ့ရဲက ဗုံးပေါက်ကွဲမှုတွေဖြစ်တိုင်း ဖြတ်သွားဖြတ်လာကားတွေ၊ လူတွေနဲ့ အနီးနားနေအိမ်တွေကို သံသယနဲ့ ပိုက်စိပ်တိုက်စစ်ဆေးလေ့ရှိပါတယ်။
ဒီလိုစစ်ဆေးမှုတွေကြောင့် ကိုယ့်ကားပေါ်မှာ ခရီးသည်တွေဆီကနေ အန္တရာယ်ဖြစ်စရာ တစ်ခုခုများ ကျန်ခဲ့ မလားဆိုတာကို အမြဲဂရုတစိုက်နဲ့ ကြည့်ရှုနေရတယ်လို့ တာမွေမြို့ က အငှားယာဉ်မောင်း ကိုကျော်ကြီး က ပြောပါတယ်။
“လမ်းမှာတားဆီးတဲ့သူတွေဆိုရင် သတိထားပြီး တင်ရတာပေါ့။ အဲလူဆင်းသွားရင် ဘာကျန်လဲဆိုတာ ကြည့်ရတယ်။ ဘာကြောင့်ဆို ကားပေါ်မှာ တစ်ခုခုကျန်ခဲ့လို့ စစ်တဲ့အခါတွေ့ရင် ကိုယ်က ကြားထဲက ခံရမှာ။ တားဆီးတဲ့သူတိုင်းကလည်း ဘယ်သူက ဘာမှန်းမသိတော့ စကားကို လွတ်လွတ်လပ်လပ် မပြောရဲတော့ဘူး။"
၂၀၁၄ သန်းခေါင်စာရင်းအရ ရန်ကုန်တိုင်းအတွင်း နေထိုင်သူ စုစုပေါင်း ၇ သန်းကျော်ရှိပြီး မြန်မာနိုင်ငံရဲ့ တိုင်းနဲ့ပြည်နယ် ၁၄ ခုမှာ လူဦးရေအထူထပ်ဆုံးဖြစ်ပါတယ်။
အရင်က အလုပ်အကိုင်တွေပေါများခဲ့တဲ့ ရန်ကုန်ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးသတ်ဖြတ်မှု၊ ကန့်သတ်ပိတ်ပင်မှု၊ အကြောက်တရားနဲ့ ထွက်ပြေးတိမ်းရှောင်မှုတွေကြောင့် လူသူကင်းမဲ့လာပြီး တစ်နေ့လုပ် တစ်နေ့စား အခြေခံလူတန်းစားတွေရဲ့ နေ့စဥ်ဘဝတွေကို အများကြီး ရိုက်ခတ်လာတယ်လို့ မြိုခံပြည်သူတွေက ပြောကြပါတယ်။
"အပြင်သွားရင်လည်း စိတ်မချတာတွေရှိတာပေါ့။ အိမ်ပြန်မရောက်မချင်း စိတ်ပူနေရတာပေါ့"
တောင်ဒဂုံမြို့နယ်က ကျုးကျော်ရပ်ကွက်တစ်ခုမှာ နေထိုင်ပြီး အရင်က သံချည်သံကွေးလုပ်ငန်း လုပ်ကိုင်ရာ ကနေ အခု အလုပ်အပ်သူ ကင်းမဲ့သွားတာကြောင့် အမှိုက်လှည်းတွန်းပြီး ဝင်ငွေရှာနေရတဲ့ အသက် ၂၀ ကျော် အရွယ် လူငယ်တစ်ယောက်ကတော့ တွေ့ရာဆွဲဖမ်းနေတဲ့ စစ်ကောင်စီတပ်တွေကို နေ့စဥ်ကြောက်နေရတယ် လို့ ပြောပါတယ်။
“ဘာလို့ဆို စစ်သားတွေက တွေ့ရာမြင်ရာဖမ်းတာ။ မသင်္ကာဘူးဆို ဆွဲတင် ရိုက်နှက်ပြီးတော့ နှိပ်စက် နေတော့ ဘယ်လိုမှလုပ်မရဘူး။ အဲဒါကြောင့် ကျနော်တို့မှာ အမှိုက်လှည်းတွန်းတာတောင် ခပ်လန့်လန့် ဖြစ်နေတယ်။"
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းအရ စက်တင်ဘာ ၂၁ ရက်အထိ အဖမ်းဆီးခံထားရသူ ၆၆၃၇ ယောက်ရှိပြီး ရန်ကုန်တိုင်းတစ်ခုတည်းမှာတင် အဖမ်ခံထားရသူ ၁၇၀၀ ကျော် ရှိနေပါတယ်။
ဗုံးပေါက်ကွဲမှုတွေဖြစ်လာပြီးနောက်ပိုင်း ဩဂုတ် ၂၃ ရက် တစ်ရက်တည်းမှာတင် ရန်ကုန်တိုင်း စမ်းချောင်း၊ အလုံ၊ သာကေတနဲ့ သင်္ဃန်းကျွန်းမြို့နယ်တွေက လူငယ် အယောက် ၃၀ ကျော် အဖမ်းခံခဲ့ရပါတယ်။
နေ့ဘက်မှာ ဖမ်းဆီးစစ်ဆေးတာတွေအပြင် ညဘက်တွေမှာလည်း ဧည့်စာရင်းစစ်မယ်ဆိုတဲ့ အကြောင်းပြချက် တွေနဲ့ အိမ်တွေကို အဓမ္မနည်းနဲ့ အင်အားသုံး တံခါးဖွင့်ခိုင်းတာ၊ လူမရှိရင် သော့ရိုက်ဖျက်ပြီး ဖွင့်ဝင်တာ၊ ဖမ်း ဆီးစစ်ဆေးတာတွေကြောင့် ညဘက်တွေမှာလည်း ကောင်းကောင်းမအိပ်ရဘူးလို့ ရန်ကုန်မြို့ခံတွေက ပြော ကြပါတယ်။

ရန်ကုန်မြို့ခံတွေဟာ အခုချိန်မှာ ဥပဒေအရ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးမယ့်သူမရှိတော့ဘဲ လုံခြုံမှုအကင်းမဲ့ဆုံး အကာကွယ်အမဲ့ဆုံး ဖြစ်လာနေပြီလို့ တကသကျောင်းသားဟောင်းများ အင်အားစု ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ကိုနန်းလင်း က ပြောပါတယ်။
“အခုချိန်မှာတော့ ရန်ကုန်ရဲ့ အဆိုးဆုံးအချိန်လို့ မြင်တယ်။ ရန်ကုန်မှာရှိတဲ့ လူဦးရေ ၇ သန်း ပတ်ချာလည် လောက်က အကာကွယ်မဲ့နေတယ်လို့ ခံစားရတယ်။ ဘာလို့ဆို ကျနော်တို့ရဲ့ အသက်အိုးအိမ်စည်းစိမ်ကို လုံခြုံအောင် ကာကွယ်စောင့်ရှောက်မယ့်ဟာက မရှိတော့ဘူး။ တစ်စုံတစ်ခုကနေ ကာကွယ်ပေးမယ့် တရားဥပဒေစိုးမိုးအောင်၊ ကျနော်တို့ရဲ့ အသက်အိုးအိမ်စည်းစိမ်ကို လုံခြုံအောင် အကာကွယ်မဲ့နေပြီးတော့ နေ့စဉ်ရက်ဆက် စိုးရိမ်ထိတ်လန့်မှုတွေ ကြောက်ရွံ့မှုတွေနဲ့ ဖြတ်သန်းနေရတယ်လို့ ပြောလို့ရပါတယ်ဗျ။"
၂၀၁၀ ကစလို့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုနဲ့အတူ ခေတ်မီတိုးတက်လာတဲ့ ရန်ကုန်မှာ အရင်ကဆိုရင် ည ၁၀ နာရီလောက်အထိ လူတွေကားတွေနဲ့ အသွားအလာမပြတ်ဘဲ စည်ကားလေ့ရှိခဲ့တယ်လို့ ရန်ကုန်မြို့ခံတွေ က ပြောကြပါတယ်။
အခုဆိုရင် ည ၈ နာရီကနေ မနက် ၄ နာရီအထိ ကန့်သတ်ပိတ်ပင်ထားတဲ့ ညမထွက်ရအမိန့်ကြောင့် Night Out လို့ခေါ်တဲ့ ညဉ့်နက်တဲ့အထိ လည်ပတ်ကြတဲ့ ရန်ကုန်မြို့ခံ လူငယ်တွေရဲ့ အလေ့အထတစ်ခုလည်း စစ်အာဏာသိမ်းမှုနဲ့အတူ ပျောက်ဆုံးသွားပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လူငယ်တစ်ယောက်က RFA ကို ပြောပါတယ်။
မှောင်ရီပျိုးတာနဲ့ အလုပ်ကနေ အိမ်အမြန်ရောက်ဖို့ ခပ်သုတ်သုတ် အလျင်စလို သွားလာနေသူတွေနဲ့ အိမ်ကို ပြန်မရောက်မချင်း စိတ်ပူနေရတဲ့ မိသားစုဝင်တွေရဲ့ ပူပင်သောကတွေက ရန်ကုန်မြို့ရဲ့ ပြယုဂ်တစ်ခုလို ဖြစ် လာနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောကြပါတယ်။
စားဝတ်နေရေးအတွက် ပင်ပင်ပန်းပန်းရှာဖွေရရင်တောင် စိတ်လုံလုံခြုံခြုံနဲ့ နေထိုင်အိပ်စက်နိုင်မယ့် နေ့စဥ် ဘဝတွေကို အမြန်ဆုံးပြန်ရောက်ဖို့သာ ရန်ကုန်လူထုက မျှော်လင့်တောင့်တနေကြပါတယ်။