ရေရှားပါးမှုနဲ့ ရင်ဆိုင်နေရတဲ့ မြင်းမူဒေသခံများ

မိယဉ်စနိုင်း
2023.05.28
ရေရှားပါးမှုနဲ့ ရင်ဆိုင်နေရတဲ့ မြင်းမူဒေသခံများ လက်ယက်တွင်းတစ်ခုမှ ရေခပ်နေသည့် မြင်းမူဒေသခံတစ်ဦး။
RFA

“ရေတွင်းတွေက နောက်ထပ် လေးငါးရက်လောက်ပဲ သုံးစရာရှိတော့မှာပါ။ ရေတွင်းတွေက ခန်းတော့မှာ။ ကန်တွေကလည်း ပက်ကြားအက်လို့။ ရေလည်းမရှိပါဘူး။ အကုန်အခက်အခဲတွေကို ဖြစ်လို့”

“သောက်ရေသီးသန့်က အတော်ခပ်လှမ်းလှမ်းကို လှည်းပေါ်ကို ပုံးဝါတွေတင်ပြီးတော့ သောက်ရေ သီးသန့်သွားခပ်ရတယ်။ တစ်ခါတစ်လေ လက်ယက်တွင်းမှာ။ အခုတော့ နေဒဏ်ကြောင့် သိပ်မထွက်တော့ပါဘူး။ စောစောတုန်းရက်တွေကတော့ လက်ယက်တွင်းမှာ ခေါင်းရွက်သွားသယ်ရတယ်”

“ကျွန်မတို့ရွာ ခိုင်းနွားတွေကို အခုလောလောဆယ်က အခြောက်ကျွေးနေရတာပါ။ ရေပေါတုန်းကဆိုရင် ရေပေါပေါနဲ့ ကျွေးခဲ့တာ။ အခုဆိုနွားကို အခြောက်ပဲကျွေးရတာ။ ပြီးကျမှ ရေလေး မဝတဝနဲ့ တိုက်ရတာ။ ရေက ရှားပါးနေတာကျတော့။ သူတို့ကိုယ့်အတွက်လုပ်ပေးတုံးကတော့ ပင်ပင်ပန်းပန်းနဲ့။ ကျွန်မတို့အလှည့် နွားတွေကို အစာကျွေးရေတိုက်ဖို့ကျတော့ ခဲခဲယဉ်းယဉ်းနဲ့တိုက်ရတယ်”

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်မှာ ရေရှားနေတဲ့အကြောင်း ဒေသခံတွေပြောပြနေတာပါ။

၂ဝ၂၃ ခုနှစ်ဟာ စံချိန်တင်လောက်အောင်ပူတဲ့နှစ် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ ဒုတိယပတ်က မိုခါမုန်တိုင်းကြောင့် စစ်ကိုင်းတိုင်းက နေရာတချို့မှာ မိုးသည်းခဲ့ပေမယ့် နေရာအတော်များများမှာတော့ နေပူပြီးရေရှားတဲ့ ပြဿနာနဲ့ ကြုံနေရတုန်းဖြစ်ပါတယ်။

မုတ်သုန်မိုး အဝင်နောက်ကျနေတာကလည်း ပြဿနာတစ်ခုဖြစ်ပါတယ်။ ဒေသခံတွေ ပုံမှန်သုံးစွဲနေကျတွင်းတွေ၊ ကန်တွေမှာ ရေမရှိသလောက် နည်းပါးနေပါပြီ။ ဒါကြောင့် သူတို့ဟာ လက်ယက်တွင်းတွေကနေ ရနိုင်တဲ့ စိမ့်ရေကို ရှာဖွေသုံးစွဲကြရပါတယ်။

“ဒါက လက်ယက်တွင်းလို့ ခေါ်ပါတယ်။ တူရွင်းတွေနဲ့တိုက်တူး၊ တချို့ကစိမ့်ရေလို့လည်းခေါ်တာပေါ့။ ကျပ်မြေထဲက ထွက်တဲ့ ဒီရေကိုနှစ်စဉ်နှစ်တိုင်း သုံးစွဲနေကြရတာပါ။ ကျွန်တော်တို့က စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် သရက်ကန်ကျေးရွာက ဖြစ်ပါတယ်။ ကျွန်တော်တို့သောက်ရေကို ဒီတွင်းလေးကိုပဲ မှီခိုပြီး သုံးစွဲနေပါတယ်။ တစ်ရက်မှ ပုံး ၂ဝ လောက်ပဲရပါတယ်။ ရှိတဲ့ရေလေးချွေတာပြီး သုံးစွဲနေရပါတယ်။ ရေကတော့ သောက်ရေအတွက် အတော်ကိုခက်ခဲပါတယ်”

စစ်ကိုင်းတိုင်းက ကျေးရွာအတော်များများဟာ နွေရာသီရောက်တိုင်း ရေရှားတာကို ကြုံရပါတယ်။ ဒါပေမဲ့ အခုနှစ်ကတော့ အတော့်ကို ဆိုးရွားခဲ့တာပါ။ အခုဆို စစ်ဖြစ်နေတဲ့အတွက် နှစ်တိုင်းလာကြတဲ့ ပရဟိတအဖွဲ့တွေလည်း မရောက်ကြလို့ ဒီနှစ်မှာ ရေအလှူလည်း မရှိပါဘူး။ အဲဒီအပြင် စစ်ကောင်စီတပ်တွေရဲ့ ပိတ်ဆို့စစ်ဆေးတာတွေကြောင့်လည်း ရေရဖို့ ပိုခက်ခဲနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ အရင်ကတော့ ခေတ်ကာလကောင်းတော့ လှူတန်းမယ့်သူ ပေါတယ်ဗျာ။ အခုခေတ်ကာလကတော့ ပိုဆိုးတာပေါ့။ လှူမဲ့တန်းမဲ့သူကလည်း လှူချင်ငြားသော်လည်း လမ်းပန်းဆက်သွယ်ရေး မကောင်းတော့ လာမလှူကြဘူးပေါ့လေ။ အခုလိုခေတ်ပျက်တဲ့အခါရောက်တော့ ပိုအလှူအတန်းနည်းတော့ ပိုခက်ခဲရတာပေါ့”

sagaing2.jpg
ရေစုပ်စက်ဖြင့် ရေထုတ်ယူအပြီး ခြောက်သွေ့အက်ကွဲနေသည့် ရေကန်တစ်ခုအား မြင်တွေ့ရစဉ်။ (Photo: RFA)

“ကားနဲ့သွားပြီး ဝယ်ရအောင်ဆိုတော့လည်း လမ်းမှာ စစ်ကောင်စီတွေက မေးမြန်းစစ်ဆေးပြီး ရိုက်နှက်နေတော့ မသွားရဲ မလာရဲကြပါဘူး။ လမ်းမှာ အခက်အခဲဖြစ်နေပါတယ်။ ရေအသက် တစ်မနက်လို့ ဆိုရိုးစကား ရှိပါတယ်။ ဒီရေအတွက် ရှေ့ဆက်ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားမရနိုင်အောင်ဖြစ်နေပါတယ်”

ဒေသခံတွေဟာ စစ်ကောင်စီတပ်တွေလာတဲ့အခါ အသက်အန္တရာယ်မဖြစ်အောင် တိမ်းရှောင်နိုင်ပေ မယ့် ရေပြတ်တာကိုတော့ ရှောင်လွှဲလို့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

“စစ်ဆိုတာ ဟိုကလာရင်ဒီဘက်ပြေး၊ ဒီကလာရင် ဟိုဘက်ပြေး၊ တိမ်းလို့ရှောင်လို့ ချပ်ကြိုချပ်ကြား ပုန်းရှောင်တိမ်းလို့ အဆင်ပြေသေးတယ်။ ရေဆိုတာကတော့ မရှိလို့ မဖြစ်ဘူးဗျ”

ဒါ့အပြင် ဒေသခံပြည်သူတွေမှာ ရတဲ့ရေကိုသုံးနေရတဲ့အတွက်ကြောင့်လည်း ကျန်းမာရေးပြဿနာတွေရှိ လာကြပါတယ်။

“ရေအခက်အခဲကြောင့်လူတွေလဲ ရှိတဲ့ချောင်းရေ၊ ချပ်ရေတွေ သုံးရတော့ ကလေးလူကြီး ဝမ်းဖော ဝမ်းရောင် ဝမ်းပျက်တွေ ဖြစ်နေပါတယ်။ ဒုက္ခတွေရောက်နေပါတယ်။ ရုပ်ရှင်တွေထဲမှာ ရေတွေကို သုံးကြစွဲကြချိုးကြနဲ့။ ကျုပ်တို့ရွာမှာ ရေက အတော်အခက်အခဲဖြစ်နေလို့ ရေဆိုတာ သူများချိုးတာ ကြည့်ပြီး နှစ်ခွက် သုံးခွက်လောက်ပဲ ချိုးရလုပ်ရပါတယ်။ ရေရယ်၊ ရွှေရယ် ဘာယူမတုန်းဆိုရင် ရေပဲတောင့်တပါတယ် အခုအချိန်ကတော့”

sagaing7.jpg
ရေရရှိရန် စောင့်ဆိုင်းနေကြသည့် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့မှ ဒေသခံတချို့။ (Photo: RFA)

၂၀၂၃ ခုနှစ်ဟာ ကမ္ဘာတစ်ဝန်းမှာ အယ်နီညိုရာသီဥတုကြောင့် အပူချိန်မြင့်တက်တာကို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကြုံတွေ့မယ်လို့ ပညာရှင်တွေက ကြိုတင်ခန့်မှန်းထားပြီးဖြစ်ပါတယ်။ ဒီလိုရာသီဥတုကြောင့် မိုးခေါင်ရေရှားဒေသဖြစ်တဲ့ အညာက နေရာတစ်ချို့မှာ သောက်ရေသုံးရေရှားပါးတဲ့ ပြဿနာဟာ မလွဲမသွေ ကြုံတွေ့ရနိုင်ခြေရှိပါတယ်။ ဒါကြောင့် သူတို့အတွက် ရေရအောင်ကူညီပါလို့ ပြောကြပါတယ်။

“ကျွန်တော်တို့ ရေအတွက်နဲ့အတော့်ကို ဒုက္ခရောက်နေကြပါတယ်။ အပူဒဏ် နေဒဏ်တွေကပြင်း၊ သောက်ရတဲ့ရေတွေက ရေချိုမဟုတ်ဘဲ ရေငန်တွေဖြစ်နေတဲ့အတွက် ရေတွင်းအလှူရှင်တွေ လှူပေးကြပါလို့ မေတ္တာရပ်ခံပါတယ်ဗျာ”

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။