ထူးထူးခြားခြား လက်ဖက်စိုက်တဲ့ ကရင်မြို့ သံတောင်ကြီး

2022.05.25
ထူးထူးခြားခြား လက်ဖက်စိုက်တဲ့ ကရင်မြို့ သံတောင်ကြီး သံတောင်ကြီးမြို့မှာ ခူးထားသည့် လက်ဖက်ရွက်များကို တွေ့ရစဥ်
Photo: RFA

၁၉၁၉ ခုနှစ် ဗြိတိသျှကိုလိုနီခေတ်ကစလို့ အိန္ဒိယကနေ မျိုးယူပြီးစိုက်တဲ့ သံတောင်ကြီး လက်ဖက် အချိုခြောက်ကို ဗြိတိသျှဘုရင်မကြီးထံ ဆက်သခဲ့ဖူးတဲ့ သမိုင်းကြောင်းလည်း ရှိပါတယ်။

ဦးကျော်သီဟ - နာယက၊ မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုးရောင်းချသူများအသင်း

“ဗြိတိသျှဘုရင်မကြီးဆီ ဆက်သတဲ့ လက်ဖက်အချိုခြောက်က ဒီသံတောင်ဒေသက ထွက်တယ်လို့ မှတ်သားဖူး ပါတယ်။ အဲ့တော့ ဒီလိုကောင်းမွန်တဲ့ သမိုင်းကြောင်း ရှိပေမယ့်လည်း ဒီမှာရှိတဲ့ လက်ဖက်စိုက်ပျိုးထုတ်လုပ်မှုက နည်းပညာအရရော၊ စျေးကွက်အရရော အားနည်းနေသေးတာကို တွေ့ရတယ်။ အဲ့ဒီအတွက်ကို ကျနော့် အနေနဲ့ ဖွံ့ဖြိုးရေးလာလုပ်ပေးတာပါ”

ဗြိတိသျှတွေက အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲကာလမှာ သံတောင်ကြီးမြို့ကို အပန်းဖြေစခန်းအဖြစ် တည်ဆောက်မှုနဲ့အတူ လက်ဖက်စိုက်ပျိုးရေးလည်း ပါလာတာပါ။
သမိုင်းကြီးပေမယ့် ထုတ်လုပ်မှုနည်းပညာနဲ့ ဈေးကွက်က အားနည်းနေပါသေးတယ်။

စောဆိုသောကိုင်နို - ဥက္ကဋ္ဌ၊ သံတောင်ကြီးဒေသ လက်ဖက်အသင်း

“ဒေသကလူတွေရဲ့ ရုန်းကန်ရမှုကတော့ ကြီးမားတယ်ပေါ့။ ကြီးမားတဲ့အတွက်ကြောင့် မို့ ပထမပိုင်းက ချထားတဲ့ Plan အရဆိုရင် စက်ရုံအသေးလေး တည်ဆောက်ဖို့ ရည် ရွယ်ခဲ့ပြီးပြီ။ မြေနေရာတွေလည်း အကုန်လုံး သတ်မှတ်ခဲ့ပြီးပြီ။ ဒါပေမဲ့ အကြောင်း အမျိုးမျိုးကြောင့် လုပ်ဖို့ အခွင့်အရေး မသာခဲ့ဘူး။ အခုလက်ရှိကတော့ Hand Made Green Tea အနေနဲ့ လုပ်ဖို့ပေါ့နော်"

ဦးသန်းရွှေရဲ့ စစ်အစိုးရလက်ထက် ၁၉၉၉ ခုနှစ်မှာ ဘုရင့်နောင် စစ်သင်တန်းကျောင်းဖွင့်ဖို့ လက်ဖက်ခင်း ရာနဲ့ချီပြီး အသိမ်းခံခဲ့ရပါတယ်။

စော်မူဟား - နှစ် ၁၀၀ လက်ဖက်ခြံပိုင်ရှင်

“တဖြည်းဖြည်းနဲ့ လုပ်ကိုင်စားသောက်ဖို့အခြေအနေ အခက်အခဲရှိလာတော့ လူတွေက တင်ပြလိုက်တဲ့အခါမှာကျတော့ အပင်ကိုတော့ လုပ်စားခွင့်ပေးတာပေါ့။ ပထမ သိမ်းပြီး ကာစမှာတော့ မရဘူး။ တပ်မြေ ဖြစ်သွားပြီလေ။ နောက်ကျတော့ လုပ်ရင်လည်း သူတို့ ကို ပေးရတယ်။ ဥပမာ-လက်ဖက်တို့၊ တညင်းသီးတို့ လုပ်တဲ့အခါမှာ ထွက်တဲ့ကုန် တန်ဖိုးပေါ့၊ အဲ့ဒါကို တပ်ကို သွင်းရတာပေါ့”

မြန်မာနိုင်ငံတစ်ဝန်းမှာ လက်ဖက်စိုက်ပျိုးဧကပေါင်း ရှစ်ထောင်ကျော်ရှိပြီး အများစုက ရှမ်းပြည်နယ်မှာပါ။ အဲဒီထဲကမှ လေးရာခိုင်နှုန်းလောက်ကိုပဲ ထူးထူးခြားခြား ကရင်မြို့ သံတောင်ကြီးမှာ စိုက်ပျိုးတာပါ။ ဒါပေမဲ့ သံတောင်ကြီးက လက်ဖက်စိုက်ခင်းတွေက နှစ် ၁၀၀ ကျော်ပြီလို့ ဆိုပါတယ်။

ဦးကျော်သီဟ - နာယက၊ မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုးရောင်းချသူများအသင်း

“ဒီမှာက Foreigner တွေလာတယ်။ Tour တွေလာတယ်။ သူတို့ပါ ပူးပေါင်း ပါဝင် ဆောင်ရွက်နိုင်တဲ့ Tea Tourism လုပ်နိုင်တယ်ဆိုရင်တော့ ဒီဒေသက အမြန်ဆုံး Tea နဲ့ ပတ်သက်ပြီး ဖွံ့ဖြိုးတိုးတက်မှာ။ ဘာဖြစ်လို့လဲဆိုတော့ တစ်ပင်ချင်းကို နှစ်သက် တမ်း ၁၀၀ ကျော်တဲ့ အပင်မျိုးတွေ၊ အပင် တုတ်တုတ်ခိုင်ခိုင် ပင်စည်ကြီးတွေနဲ့က ကမ္ဘာမှာ နေရာတိုင်းမှာ မရှိဘူး။ အဲ့ဒါသည် ပိုပြီးတော့ ဆွဲဆောင်မှုအားကောင်းတဲ့ Attraction တစ်ခုလို့ ပိုမြင်တယ်”

သံတောင်ကြီးမှာ ခရီးသွားလုပ်ငန်း ရှိပြီးသားမို့ လက်ဖက်ကို အရည်အသွေးကောင်းအောင် လုပ်နိုင်မယ်ဆိုရင် ဒေသဖွံ့ဖြိုးရေးလည်း ပိုတိုးတက်လာမယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။