အမှိုက်ကောက်ရင်း ဘဝကိုရုန်းကန်နေရတဲ့ မဲဆောက်မြို့က မြန်မာမိသားစု

RFA Burmese
2024.01.29
အမှိုက်ကောက်ရင်း ဘဝကိုရုန်းကန်နေရတဲ့ မဲဆောက်မြို့က မြန်မာမိသားစု ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အတွင်း လှည့်လည်ကောက်ကူရရှိသည့် အမှိုက်များအား ရောင်းချရန် ခွဲခြားနေသော မြန်မာရွှေ့ပြောင်းအလုပ်သမား ဦးစိုးသူရ။
Photo: RFA

“အမှိုက်ကောက်တာ မခံနိုင်လည်း အောင့်အီးပြီးတော့ နှာခေါင်းပိတ်ပြီးတော့ ဒီလိုပဲလုပ်ရတာပဲ။ နံပေမယ့်လည်း မနံသလို သဘောထားပြီး စိတ်မှာ အောင့်ထားရတာပဲ။ အန်လည်း အန်ပေ့ါ။ နောက်ပိုင်းလည်း အကျင့်ဖြစ်သွားတယ်။ ဒါပေမဲ့ တစ်ပတ်လောက် နားလိုက်ပြီဆိုရင် ညှီတဲ့အနံ့ကို မခံနိုင်တော့ဘူး။ သူများအိပ်ချိန်လည်း ကိုယ်မအိပ်ရဘူး။ ထသွားရတယ်။ သူများစားချိန်လည်း ကိုယ်မစားရဘူး။ ကိုယ့်ပစ္စည်းကိုယ် ရအောင်တင်လာရတယ်။ ပြီးတော့ အိမ်ရောက်မှ သားမယားနဲ့ စားကြတယ်။ အခက်အခဲတော့ အများကြီးရှိတယ်။ “

သူကတော့ မဲဆောက်မြို့ထဲက အမှိုက်ပုံတွေမှာ လှည့်လှည်အမှိုက်ကောက်ပြီး မိသားစု စားဝတ်နေရေးကို ဖြေရှင်းနေရတဲ့ ဦးစိုးသူရ ဖြစ်ပါတယ်။ ဦးစိုးသူရတို့ ဇနီးမောင်နှံဟာ မြန်မာပြည်မှာ လုပ်ကိုင်စားသောက်ရတာ ကျပ်တည်းတာကြောင့် ပြည်ပမှာ ဒီထက်အဆင်ပြေနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ကရင်ပြည်နယ်ကနေ ထိုင်းနိုင်ငံကို ရွှေ့ပြောင်းနေထိုင်နေတာ နှစ်ပေါင်း ၃ဝ ကျော် ရှိပါပြီ။ ဒါပေမယ့် သူတို့မျှော်လင့်သလို ဖြစ်မလာခဲ့ပါဘူး။ စရောက်ခါစက လူလိမ်ခံခဲ့ရဖူးသလို တောင်ယာလုပ်တာ၊ ငရုတ်ခူးတာ စတဲ့ နေ့စားအလုပ်တွေလည်း လုပ်ကိုင်ခဲ့ပါတယ်။ အခုတော့ အမှိုက်ကောက်တဲ့အလုပ်ကို လုပ်နေတာ အနှစ် ၂၀ ကျော် ရှိနေပါပြီ။

သူတို့ မိသားစုဟာ မဲဆောက်မြို့ မယ်ပရပ်ကွက်က မဲဆောက်အမှိုက်ပုံအနီးမှာ တစ်လ ထိုင်းဘတ် ၂၅ဝ နဲ့ မြေငှားရမ်းပြီး အိမ်ဆောက်နေထိုင်ကြပါတယ်။ ဒီနေရာမှာ နေထိုင်တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားအများစုဟာ မဲဆောက်မြို့က စွန့်ပစ်လိုက်တဲ့ အမှိုက်ပုံကို အမှီပြုပြီး အသက်မွေးဝမ်းကျောင်းပြုခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကစပြီး အမှိုက်ပုံကို ဝင်ရောက်အမှိုက်ကောက်ခွင့် ပိတ်လိုက်တာကြောင့် ဒီအလုပ်သမားတွေ စားဝတ်နေရေး အခက်အခဲတွေ ကြုံခဲ့ကြရပါတယ်။

အရင်က အမှိုက်ပုံကြီးထဲ အမှိုက်ကောက်ရောင်းရငွေ တစ်နေ့ကို ဘတ် သုံးရာခန့် ရပေမဲ့ လက်ရှိမှာတော့ အမှိုက်ပုံပိတ်လိုက်တဲ့အတွက် သူတို့ရဲ့ဝင်ငွေ ထက်ဝက်ခန့် ကျဆင်းသွားတယ်လို့ ဦးစိုးသူရက ဆိုပါတယ်။

“အရင်က ဒီအမှိုက်ပုံမှာ ကျွန်တော်တို့ ကောက်တဲ့အချိန်ကဆိုရင် တစ်နေ့ကို မရဘူးဆိုရင် လင်ရယ် မယားရယ် သမီးလေးတစ်ယောက်ရယ် ကောက်မယ်ဆိုရင် သုံး လေးရာတော့ ရပါတယ်။"

တာဝန်ရှိသူတွေက မဲဆောက်အမှိုက်ပုံမှာ အမှိုက်ကောက်ခွင့်ပိတ်လိုက်တာကြောင့် သူတို့မိသားစု မြို့ထဲက အမှိုက်ပုံးတွေမှာ လှည့်လည်အမှိုက်ကောက်ပြီး မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေရပါတယ်။

ဦးစိုးသူရဟာ အမှိုက်ကောက်ဖို့အတွက် နေ့စဉ် မနက် နှစ်နာရီမှာ အိပ်ရာ ထရပါတယ်။ သူနေတဲ့နေရာက မဲဆောက်မြို့စွန်မှာရှိတာကြောင့် မြို့ထဲကို ရောက်ဖို့အတွက် တစ်နာရီခန့် အချိန် ကြာပါတယ်။ သူဟာ တစ်နေ့ကို ဆယ်နာရီထက်မနည်း လက်တွန်းလှည်းနဲ့ မြို့ပတ် အမှိုက်လိုက်ကောက်ရတာပါ။

“နှစ်နာရီခွဲလောက်ထ မျက်နှာသစ် သွားတိုက်ပြီး လှည်းကို ဟိုပြင်ဒီပြင်နဲ့ဆို သုံးနာရီထိုးသွားပြီ။ ဒီကနေ လမ်းမကြီးကို ကျော်ပြီးတော့ တစ်နာရီလောက်သွားရတယ်။ အဲဒီအမှိုက်ကောက်မယ့် နေရာကို ရောက်ဖို့က တစ်နာရီလောက်ကြာတယ်။ အမှိုက်ကောက်ချိန်ကတော့ ခုနှစ်နာရီ၊ ရှစ်နာရီလောက်ပေါ့။ အရင်က အမှိုက်ပုံဖွင့်ထားတော့ ပိုအဆင်ပြေတယ်။ နီးနီးနားနား ကိုယ်ဘယ်အချိန် ထမင်းလာစားစား စားလို့ရတယ်။ ဘီးလေးနဲ့ အခုက မြို့တစ်ပတ်ကြီးပေါ့“

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အတွင်း အမှိုက်ပုံးတစ်ခုတွင် ပြန်လည်ရောင်းချနိုင်မည့် ပစ္စည်းများအား ရွေးချယ်ကောက်ယူနေသည့် ဦးစိုးသူရ။ (Photo: RFA)
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အတွင်း အမှိုက်ပုံးတစ်ခုတွင် ပြန်လည်ရောင်းချနိုင်မည့် ပစ္စည်းများအား ရွေးချယ်ကောက်ယူနေသည့် ဦးစိုးသူရ။ (Photo: RFA)

သူတို့ဇနီးမောင်နှံဟာ စွန့်ပစ်ထားတဲ့ အမှိုက်ပုံးတွေထဲက ပြန်ပြီးအသုံးပြုနိုင်တဲ့ ကော်ပစ္စည်းတွေ၊ ပုလင်းခွံတွေကို ကောက်ယူပြီး ရောင်းချကြပါတယ်။ အရင် မဲဆောက်အမှိုက်ပုံဖွင့်ချိန် အမှိုက်ရောင်းရငွေရဲ့ ထက်ဝက်လောက်ပဲ ရတော့တာကြောင့် စားဝတ်နေရေးအတော်ခက်ခဲခဲ့တယ်လို့ ဦးစိုးသူရရဲ့ ဇနီး ဒေါ်ခင်ထွေးရီက ပြောပါတယ်။

“အစောကြီး သွားရတဲ့အခါကျတော့ တစ်ခါတစ်လေလည်း ထမင်းမစားရဘူး။ တစ်ခါတစ်လေကျတော့လည်း ထမင်းစားရတယ်။ ကိုယ်က ပိုက်ဆံတစ်ပြားမှ မပါသွားတဲ့အခါကျတော့ ဗိုက်အရမ်းဆာရင်လည်း အောင့်အီးပြီး ပြန်လာချက်ပြုတ် စားရတာပေါ့။ တစ်ခါတစ်လေ နေ့လယ်သုံးနာရီထိုးမှ ပြန်လာ ချက်ပြုတ်နဲ့ဆို တစ်နေ့ ထမင်းတစ်နပ်ပဲ စားရတာပေါ့ ”

ဒီလိုပင်ပင်ပန်းပန်းလုပ်ကိုင်နေရပေမယ့်လည်း အိမ်အသုံးစရိတ် မလုံလောက်တာ၊ နာမကျန်းဖြစ်လာတဲ့အခါ ကျန်းမာရေး စရိတ်မတတ်နိုင်တာတွေကြောင့် အတိုးနဲ့ငွေချေးပြီး ဒီပြဿနာတွေကို ဖြေရှင်းနေရပါတယ်။ နေမကောင်းတဲ့နေ့ အမှိုက်ကောက်ဖို့ မထွက်နိုင်တဲ့နေ့တွေမှာ တစ်နေ့လုံး ထမင်းမစားရတဲ့ နေ့တွေတောင် ရှိတယ်လို့ ဒေါ်ခင်ထွေးရီက ဆိုပါတယ်။

“ကိုယ်က အလုပ်မသွားနိုင်တဲ့နေ့ဆိုရင် သူများဆီမှာ ပိုက်ဆံသွားချေးတယ်။ ကိုယ်က အလုပ်မသွားနိုင်ဘူးဆိုတော့ အခက်အခဲဖြစ်သွားတာပေါ့။ ကိုယ်ကအလုပ်ရှိရင်တော့ တစ်မျိုးပေါ့။ စားဖို့ နည်းနည်းပြေလည်တယ်။ ပိုက်ဆံနည်းနည်းသုံးဖို့ပြေလည်တယ်။ တစ်ရက်နှစ်ရက်ဆိုရင်တော့ နည်းနည်းအဆင်ပြေတယ်။ ကြာသွားတော့လည်း သူများဆီ ချေးငှားရတာပေါ့။ ဒီအလုပ်က ကောက်မှ စားရတာဆိုတော့ မကောက်နိုင်ရင် မစားရဘူးလေ”

ဦးစိုးသူရတို့ ဇနီးမောင်နှံမှာ သားသမီး ခြောက်ဦးရှိပေမယ့် သမီးတစ်ယောက်ကလွဲလို့ အားလုံးက အဝေးမှာ အိမ်ထောင်ကိုယ်စီ ကျနေကြပါပြီ။ သားသမီးတွေကို သူတို့လို အမှိုက်ကောက်ဝမ်းစာရှာတာမျိုး မဖြစ်စေချင်တဲ့အတွက် ဇနီးမောင်နှံနှစ်ဦး ကြိုးစားရုန်းကန်ခဲ့ပြီး ပညာသင်ပေးခဲ့တယ်လို့ ဦးစိုးသူရက ပြောပါတယ်။

“နောက်ဆုံး ကျွန်တော့်လို မဖြစ်စေချင်ဘူး။ ကိုယ်ရုန်းသလို သားသမီးတွေကို မပေးရုန်းဘူး။ လူနဲ့တူအောင် သွား။ အကုန်လုံးလည်း ပညာတတ်ပြီ။ ခုနစ်တန်း ရှစ်တန်း တွေချည်းပဲ။ ကိုယ့်လိုမဖြစ်စေချင်ဘူး။“

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အတွင်း လှည့်လည်ကောက်ကူရရှိသည့် အမှိုက်များအား ရောင်းချရန် ခွဲခြားနေသော မြန်မာရွှေ့ပြောင်းအလုပ်သမား ဦးစိုးသူရနှင့် ဇနီး ဒေါ်ခင်ထွေးရီ။ (Photo: RFA)
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အတွင်း လှည့်လည်ကောက်ကူရရှိသည့် အမှိုက်များအား ရောင်းချရန် ခွဲခြားနေသော မြန်မာရွှေ့ပြောင်းအလုပ်သမား ဦးစိုးသူရနှင့် ဇနီး ဒေါ်ခင်ထွေးရီ။ (Photo: RFA)

ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ရောက်လာပြီး အခက်အခဲအမျိုးမျိုးကြောင့် အမှိုက်ပုံအနီးမှာ လာရောက်နေထိုင်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမား ၈ဝဝ ခန့်ရှိတယ်လို့ ဆိုပါတယ်။ ဒီလူတွေဟာ မဲဆောက်အမှိုက်ပုံမှာ အမှိုက်ကောက်ခွင့် ပိတ်လိုက်ထဲက ဦးစိုးသူရတို့လိုပဲ မြို့ထဲလှည့် အမှိုက်ကောက်၊ တောခုတ်၊ နေ့စားလုပ် စတဲ့ ကြုံရာ ကျပန်း အလုပ်တွေ လုပ်ကိုင်ပြီး မိသားစု စားဝတ်နေရေးကို ဖြေရှင်းနေကြတာပါ။

ဦးစိုးသူရတို့ ဇနီးမောင်နှံကတော့ အသက်အရွယ်လည်း ရလာပြီဖြစ်တာကြောင့် အခုလို မြို့ပတ် လှည့်လည် အမှိုက်ကောက်နေတာကို စွန့်လွှတ်ပြီး ဆိုင်လေးတစ်ဆိုင်ဖွင့် စျေးရောင်းနိုင်ဖို့ မျှော်လင့်နေပါတယ်။

ဒီမျှော်လင့်ချက်နဲ့ သူတို့ဇနီးမောင်နှံ အခက်အခဲများစွာကို ရင်ဆိုင်ရင်း အမှိုက်ကောက်ရင်း ဘဝကို ဆက်လက်ရုန်းကန်နေဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။