အင်္ဂလိပ်စာ ဆရာမဘဝထက် တက်တူး အနုပညာရှင်ဘဝကိုရွေးခဲ့သူ
2024.01.23

“မိဘမသိအောင် နှစ်ရှည်လများ လုပ်ခဲ့ရတာပေါ့နော်။ မိဘလုပ်စေချင်တဲ့အလုပ်လည်း မဟုတ်တဲ့အတွက် မိဘတွေက လွယ်လွယ်နဲ့ လက်ခံခဲ့ကြတာ မဟုတ်ဘူး။ ရှေးရိုးစွဲအမြင်တွေ ရှိကြတော့လေ၊ ကိုယ်ထူကိုယ်ထနဲ့ပဲ တစ်စစ ကြိုးစားခဲ့ရတယ်”
အင်္ဂလိပ်လို တက်တူး၊ မြန်မာလို ဆေးမင်ကြောင်လို့ခေါ်တဲ့ ကိုယ်ခန္ဓာပေါ် အရုပ်တွေ စာတွေ ဖန်တီးရေးဆွဲပေးတဲ့ ရန်ကုန်မြို့က တက်တူးအနုပညာရှင် မနွယ်ပင် ပြောပြတာပါ။
“စပြီးလုပ်တဲ့အချိန်မှာ ယောက်ျားလေး လုပ်တဲ့အလုပ်မို့ နင်နဲ့ ဘယ်လိုမှ မအပ်စပ်ဘူး။ ကျောင်းဆရာမ လုပ်ချင်လုပ်၊ အမျိုးတွေက အစပေါ့နော်။ မရဘူး၊ ရတယ် လုပ်နိုင်တယ်။ ရပ်တည်လို့ ရနိုင်တယ်။ ဒီအလုပ် လုပ်ခဲ့တယ်။ အများကြီးတော့ အထင်သေးခံခဲ့ရတာပေါ့နော်။ ယောက်ျားလေးလုပ်တဲ့အလုပ် ဖြစ်တဲ့အတွက် လာထိုးတဲ့သူတွေက ငါသာဆို မိန်းကလေး တက်တူးဆရာနဲ့ မထိုးဘူး။ အဲဒီလို အထင်သေးတာတွေ ရှိတယ်။ နာမည်လေးတစ်ခုရအောင် ကြိုးစားပြပြီးတော့ မိဘလက်ခံနိုင်အောင် လုပ်ခဲ့တာပေါ့”
မြန်မာ့ယဉ်ကျေးမှုနဲ့ လူ့ဘောင် စည်းမျဉ်းစည်းကမ်းတွေအရ မိဘဆွေမျိုးသားချင်းတွေရဲ့ စိုးရိမ်စိတ်တွေ၊ သူတို့ရဲ့ ဆန္ဒတွေထဲက ဖောက်ထွက်ရတဲ့ လူငယ်တစ်ယောက်ရဲ့ အတွေ့အကြုံလို့ ပြောရမှာပါ။ မနွယ်ပင်ကို မိဘတွေက အင်္ဂလိပ်စာပြတဲ့ ဆရာမတစ်ယောက် ဖြစ်စေချင်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၅ ခုနှစ်မှာ ဘွဲ့ရပြီးတဲ့နောက် တက်တူး ထိုးတဲ့ပွဲတစ်ခုကိုသွားပြီး ပြန်လာကတည်းကနေ လူတွေရဲ့ အရေပြားပေါ်မှာ အနုပညာမြောက်အောင် တက်တူးကို ဘယ်လိုထိုးလဲဆိုတာ စိတ်ဝင်စားသွားပြီး သူ့ဘဝကို တစ်ဆစ်ချိုး ချလိုက်ပါတော့တယ်။
“နဂိုက စဉ်းစားထားတာက ကျောင်းပြီးသွားရင် အင်္ဂလိပ်စာ သင်တဲ့ဆရာမ လုပ်မယ်ပေါ့နော်။ မိဘကလည်း ဖြစ်စေချင်တယ်။ ဒါပေမဲ့ တက်တူးပွဲက ပြန်လာပြီးကတည်းက လူ့ခန္ဓာကိုယ်ပေါ်မှာ တက်တူး ဘယ်လိုဆွဲလဲ အရမ်း သိချင်သွားတယ်။ လေ့လာချင်သွားတယ်။ အဲဒီကနေ ဆက်စပ်ပြီးတော့ အနာဂတ်ရှေ့ရေးအတွက် ဖြစ်နိုင်လားလို့ စဉ်းစားကြည့်တဲ့အခါမှာ ဖြစ်နိုင်တယ်။ အသက်မွေးဝမ်းကျောင်းတစ်ခုအနေနဲ့ မိဘကို လုပ်ကျွေးနိုင်တယ်။ စီးပွားလည်း ဖြစ်တယ်။ ပြီးတော့ သူများနဲ့ မတူတဲ့အလုပ်လည်းဖြစ်တယ်။ ကိုယ်ပိုင်အချိန်၊ ကိုယ်ပိုင်ဖန်တီးမှုတွေ လုပ်နိုင်တယ်။ ဒါကြောင့် တခြားဟာတွေကို စွန့်လွှတ်ပြီး မေ့ပြီးတော့ ၂၀၁၅ ခုနှစ်လောက်ကတည်းက တက်တူးလုပ်ငန်းကို တစိုက်မတ်မတ် လုပ်ခဲ့တာပေါ့နော်”
၂၀၂၀ ပြည့်နှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ အနုပညာလောကက မော်ဒယ်လ်တွေ၊ အဆိုတော်တွေ၊ ရုပ်ရှင်သရုပ်ဆောင်တွေပါ တက်တူးကို ဖက်ရှင်တစ်ခုအနေနဲ့ ထိုးလာကြတဲ့အတွက် မြန်မာအမျိုးသမီးတွေကြားထဲ ရေပန်းစားလာခဲ့တယ်လို့ သူကပြောပါတယ်။
“မိန်းကလေးအချင်းချင်း လှအောင်လုပ်ပေးနိုင်လိုက်တာ ကျေနပ်ပီတိဖြစ်ရတယ်”
မြန်မာတွေရဲ့ အယူအဆမှာ ဘုရားတည်တာ၊ အိမ်ထောင်ပြုတာလို ဆေးမှင်ရည်နဲ့ စုပ်ထိုးတာကလဲ ဘဝတစ်သက်တာ ဖျက်လို့မရတော့အတွက် မလုပ်ခင် သေချာစဉ်းစားဖို့ဆိုတဲ့ သတိပေး ဆုံးမစကားကို လူကြီးတွေ ပြောလေ့ရှိပါတယ်။ ဒါပေမဲ့ လူငယ်တွေမှာ အတွေးခေါ်နဲ့ သဘောထားတွေပြောင်းလဲ လာကြတယ်လို့ သူနာပြုဆရာမဘဝကို စွန့်လွှတ်ကျောခိုင်းပြီး မနွယ်ပင်ရဲ့ စတူဒီယိုမှာ တက်တူးပညာ သင်ယူနေတဲ့ မနိုးနိုးက ပြောပါတယ်။
“တက်တူးက ဒီနေ့ခေတ်မှာ ဖက်ရှင်တစ်ခုလို ရေပန်းစားလာတယ်ပေါ့နော်။ ယောက်ျားလေး မိန်းကလေး တော်တော်များများက တက်တူးမရှိရင် ခေတ်မမီဘူးလို့တောင် တွေးလာကြတယ်။ အခုနောက်ပိုင်း လူကြီးတွေလည်း လက်ခံလာတယ်။ Celebrity တွေလည်း ထိုးကြတယ်။ တက်တူးက အရင်ခေတ်ကလိုမျိုး ရိုင်းမနေတော့ဘဲ ခေတ်မီတဲ့ဖက်ရှင် ဖြစ်လာတယ်။ ညီမကိုယ်တိုင်လည်း တက်တူးကို အရမ်းသဘောကျတယ်။တက်တူးလိုင်းကို ရွေးမယ်ဆိုတော့ ရှစ်နှစ်လုံးလုံး သဘောကျခဲ့ရတဲ့ မနွယ်ပင်ဆီမှာ ပညာသင်ဖို့ ရွေးခဲ့တယ်”
တက်တူးကို ကိုယ်ခန္ဓာပေါ်က အမာရွတ်တွေ ဒဏ်ရာတွေကို ဖုံးအုပ်ချင်လို့ ထိုးကြတဲ့သူတွေလည်း ရှိတယ်လို့ တက်တူး အနုပညာရှင် မနွယ်ပင်က ပြောပါတယ်။
“ညီမကတော့ မိန်းကလေးတွေကို အလှဆင်ပေးဖြစ်တယ်။ မွေးရာပါအမှတ်တို့၊ မတော်တဆ ထိခိုက်တဲ့ဒဏ်ရာတို့၊ မလှတဲ့ အမာရွတ်တွေပေါ်မှာ တက်တူးနဲ့ အုပ်ပေးလိုက်တဲ့အခါမှာ အလှတစ်ခု ဖြစ်သွားတယ်။ ပန်းချီကားတစ်ချပ် ပြန်ဖြစ်သွားတယ်ပေါ့နော်။ သူတို့ရဲ့ အမာရွတ်တွေ မရှိတော့ဘူး။ မိန်းကလေးအချင်းချင်း လှအောင်လုပ်ပေးနိုင်လိုက်တာ ကျေနပ်ပီတိဖြစ်ရတယ်”
မနွယ်ပင်ရဲ့ ဦးလေးဖြစ်တဲ့ ဦးမိုးကျော်ကလည်း လူကြီးတွေမှာပါ တက်တူးထိုးတာနဲ့ပတ်သက်လို့ သဘောထား ပြောင်းလာကြပြီလို့ ပြောပါတယ်။
“အရင်တုန်းက တက်တူးဆိုတာ ဘယ်မိဘတိုင်းကမှ မကြိုက်ကြပါဘူး။ နောက်ပြီးတော့ ထိုးရတာလည်း လမ်းဘေးမှာဖြစ်သလိုနဲ့ ရောဂါအန္တရာယ်လည်း အများဆုံး ရှိနိုင်သေးတယ်။ အခုချိန်မှာ တက်တူးပညာဆိုတာ တိုးတက်လာပြီး သုံးစွဲတဲ့ပစ္စည်းတွေ ကောင်းလာတာကြောင့် အောင်မြင်နိုင်ပါတယ်။ တက်တူးရဲ့ ပညာရပ်တွေကလည်း တော်တော်လေးကို လေးစားလောက်တဲ့ အနေအထားရှိပါတယ်။ လူတစ်ယောက်ကို လှပစေတဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်”
တက်တူးထိုးပေးတဲ့သူတွေထဲမှာ ယောက်ျားလေးတွေ များတဲ့အတွက် မနွယ်ပင်တို့လို မိန်းကလေးတွေ လုပ်ပေးလာနိုင်တာကလည်း မိန်းကလေးတွေအတွက် ထိုးခွင့်သာလာတယ်လို့ တက်တူး လာထိုးတဲ့ မယုကပြောပါတယ်။
“ကျွန်မက မထိုးသေးဘူးပေါ့နော်။ ဒီအတိုင်းပဲ လာကြည့်တာပေါ့။ ဒါပေမဲ့ ကျွန်မအမျိုးသားထိုးပြီးတဲ့ နောက်ပိုင်းမှာ ထိုးချင်သွားတဲ့စိတ် ပေါက်လာလို့ ထိုးလိုက်ပါမယ်ဆိုပြီး ထိုးလိုက်တာပါ။ ကိုယ်ထိုးချင်တဲ့နေရာက လက်မောင်း မဟုတ်ဘူး။ ရင်ဘက်မှာပေါ့။ လည်ပင်းပေါ်တဲ့ အင်္ကျီတွေ ဝတ်မယ်။တက်တူးပေါ်မယ့် အင်္ကျီလေးတွေ ဝတ်မယ်။ အခုက တက်တူး ဖက်ရှင်လေးကလည်း ခေတ်စားလာပြီ။သီးသန့်နေရာလေးမှာပဲ ထိုးချင်တယ်ပေါ့နော်။ ဒါကြောင့် ဒီနေရာကို ရောက်လာတာပါ”
အခုဆိုရင် မနွယ်ပင်ရဲ့ မိဘတွေကိုယ်တိုင် သူ့သမီးရဲ့ တက်တူးလုပ်ငန်းကို ပံ့ပိုးပေးလို့ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရေတာရှည်လမ်းသစ်မှာ နွယ်ပင် အရေပြားပေါ်က အနုပညာ (Art Of Nwe Pin Tattoo Studio) ဆိုတဲ့ အလုပ်ခန်းလေးဖွင့်ပြီး မိဘတွေကို လုပ်ကျွေးနိုင်တဲ့ အခြေအနေဖြစ်နေပြီလို့ ဂုဏ်ယူပြီးပြောပါတယ်။