မဲဆောက်မြို့မှာကျင်းပတဲ့ ကွယ်လွန်သူ တေးရေးနိုင်မြန်မာ ဂုဏ်ပြုပွဲ
2025.02.10

စစ်အာဏာရှင်တော်လှန်ရေး တေးသီချင်းတွေအပါအဝင် ကိုယ်ပိုင်သံစဉ်တေးသီချင်းပေါင်းများစွာ ရေးသားခဲ့တဲ့ အသက် ၆၈ နှစ်အရွယ် တေးရေးနိုင်မြန်မာဟာ ဖေဖော်ဝါရီ ၇ ရက်နေ့က ရန်ကုန်မြို့မှာ ကွယ်လွန်သွားခဲ့ပါတယ်။
နိုင်မြန်မာကို ဂုဏ်ပြပွဲအခမ်းအနားကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ဖေဖော်ဝါရီ ၉ ရက်နေ့က ကျင်းပခဲ့ပြီး ကဗျာဆရာ မောင်လွမ်းနီက နိုင်မြန်မာဟာ တော်လှန်ရေးအနုပညာသည် တစ်ယောက်ဖြစ်ကြောင်း ဂုဏ်ပြုပြောဆိုပါတယ်။
"ကျွန်တော်တို့ ရှစ်လေးလုံး အရေးတော်ပုံကြီးမှာပေါ့လေ။ သူ့ရဲ့အင်မတန်ထင်ရှားကျော်ကြားတဲ့ မြောက်ဥက္ကလာက လူငယ်တွေနဲ့ အာဏာရှင်ဆန့်ကျင်ရေးသီချင်းက အင်မတန်မှကို ထွန်းလင်းတောက်ပခဲ့တယ်ပေါ့။ အဲ့ဒီအထဲက "ကမ္ဘာမကြေဘူး" ကတော့ ကျွန်တော်တို့ တစ်နိုင်ငံလုံးရဲ့ အသွေးနဲ့အသည်းနှလုံးကို သိမ်းပိုက်ခဲ့တဲ့ သီချင်းပေါ့။ ဒါက သူ့ရဲ့ အနုပညာလက္ခဏာကိုလည်း ဖော်ကျူးရာ ကျပါတယ်၊ နောက်ကျွန်တော်တို့အနေနဲ့ ဆရာ့ကို တေးရေးဆရာဆိုတာမျိုးထက်ကို စာရေးဆရာ၊ ကဗျာဆရာ၊ တစ်နည်းအားဖြင့် တော်လှန်တဲ့အနုပညာသည်အဖြစ် ခံစားသတ်မှတ်ခဲ့တာ"
၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံနဲ့ပတ်သက်ပြီး နိုင်မြန်မာရေးစပ်ခဲ့တဲ့ "ကမ္ဘာမကြေဘူး"သီချင်းဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာရှင်စနစ်တိုက်ဖျက်ရေးလှုပ်ရှားမှုတွေမှာပါ သီဆိုနေကြဆဲဖြစ်ပါတယ်။
နိုင်မြန်မာဟာ ယုံကြည်ချက်ခိုင်မာပြီး လေးစားဖို့ကောင်းသူဖြစ်ကြောင်း ကဗျာဆရာနေဇော်နိုင်က ပြောပါတယ်။
"ဆယ်သက်ရှိရင် ဆယ်သက်ကျွန်မခံဘူး ပြောသွားတာဗျာ။ ကျွန်ကလေးတွေ မမွေးစေချင်ဘူးလို့ ပြောတာလေ။ အဲဒါကြီး ကျွန်တော်တို့ ဘယ်လိုလုပ်မေ့ထားလို့ရမလဲဗျ။ သူ့ဘဝမှာ ဆေးပေါ့လိပ် အမြဲတမ်းသောက်ပြီးတော့ လွယ်အိတ်ကြီးတစ်လုံးကို လွယ်ပြီးတော့ ရိုးရိုးနေသွားတဲ့လူကြီး။ ကျွန်တော့် မျက်စိထဲ အမြဲမြင်နေတယ်၊ တစ်သက်လုံး သူ့ရဲ့ယုံကြည်ချက်နဲ့ စိတ်ဓာတ်ကိုလျှော့မသွားဘူး၊ ဒါပါပဲ သိပ်လေးစားဖို့ကောင်းတယ်’’
တေးသီချင်းတွေရေးစပ်ရာမှာ စကားလုံးအကြမ်းစားတွေအပြင် နုရွလှပတဲ့စာသားတွေနဲ့လည်း ရေးစပ်ဖန်တီးနိုင်စွမ်းရှိသူတစ်ယောက်လို့ ကဗျာဆရာ နှင်းခါးမိုးက မှတ်ချက်ပြုပါတယ်။
"ကျွန်တော်တို့လူငယ်ဘဝ မှတ်မိသမျှထဲမှာတော့ သူရေးပြီး ကိုင်ဇာဆိုတဲ့ မင်းလည်း ယောက်ျား ငါလည်း ယောက်ျား ကြိုက်တာကို ရွေးစမ်းကိုယ့်လူ ဒါ နိုင်မြန်မာ့လက်ရာပဲပေါ့။ နောက်တစ်ခါ မေခလာရဲ့ အဲလိုအော်ဟစ်ပြီးဆိုတဲ့ ရန်တွေ့သလို သီချင်းတွေကလည်း သူ့လက်ရာပဲလေ။ သူ့ကို အဲလို ခပ်ကြမ်းကြမ်းတွေနဲ့ ရေးတယ်လို့ထင်ခဲ့ပေမဲ့ ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့ပြီလို အဲလိုသီချင်းမျိုးတွေလည်း သူ့ထဲက ထွက်လာတယ်။ သူကဘယ်လိုပြောမလဲ စွယ်စုံရသီချင်းရေးဆရာတစ်ယောက်လို့ ပြောရမှာပဲ။ သီချင်းရေးဆရာပီပီသသနဲ့နေသွားသလို သီချင်းရေးဆရာပီပီသသပဲ သူ ကျဆုံးသွားတယ်ဆိုတဲ့ စကားလုံးနဲ့ သူ့ကိုဂုဏ်ပြုပါတယ်"
ဆက်နွှယ်သောသတင်းများ
ဟစ်ဟော့အဆိုတော် ဗျူဟာဖမ်းဆီးခံရ
လျှပ်စစ်မီးပြတ်တောက်မှုကို ဝေဖန်တဲ့ အဆိုတော်ဗျူဟာ ထောင်အနှစ်နှစ်ဆယ် ချခံရ
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကိုလည်း နိုင်မြန်မာက ရဲရဲဝံ့ဝံ့နဲ့ ဝေဖန်ထောက်ပြပြောဆိုခဲ့သူဖြစ်ပါတယ်။
မတရားတဲ့လုပ်ရပ်မှန်သမျှကို မကြိုက်ကြောင်း ပြောရဲ၊ ဆိုရဲ၊ လုပ်ရဲတဲ့သူဖြစ်သလို နိုင်မြန်မာရဲ့သားအဆိုတော် ဗျူဟာဆိုရင်လည်း လျှပ်စစ်မီးပျက်တာနဲ့ပတ်သက်လို့ စစ်ကောင်စီကို အွန်လိုင်းပေါ်မှာ ဝေဖန်ခဲ့တာကြောင့် အခုဆိုရင် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။