SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးရဲ့ နောက်ဆုံးခရီး

ထင်ရှားတဲ့ တိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တည်ထောင်သူနဲ့ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးရဲ့ စျာပနအခမ်းအနားကို ရန်ကုန် ကိုးမိုင်မှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ ဒီကနေ့ ရှမ်းဓလေ့ထုံးစံနဲ့အညီ ပြုလုပ်ခဲ့ပြီး ရုပ်ကလာပ်ကို ရေဝေးသုသာန်ဆီ ပို့ဆောင်သင်္ဂြိုဟ်ခဲ့ပါတယ်။
ဦးခွန်ထွန်းဦးဟာ ကွယ်လွန်ချိန်မှာ အသက် ၇၉ နှစ်ရှိပြီး ဇနီးဖြစ်သူနဲ့အတူ သားသမီး နှစ်ဦး ကျန်ရစ်ပါတယ်။
ဦးခွန်ထွန်းဦးဟာ တိုင်းပြည်နဲ့ လူမျိုးကို အင်မတန်ချစ်ခင်သူတစ်ဦးဖြစ်တာကြောင့် အခုဆုံးရှုံးမှုက သာမန်ဖခင်တစ်ယောက်ကို ဆုံးရှုံးရတာထက် အများကြီးပိုပါတယ်လို့ သမီးဖြစ်သူ ဒေါ်နန်းအယ်လ်ကီ က ပြောပါတယ်။
"ဟိုးအရင်ကတည်းက တောင်တန်းနဲ့ ပြည်မလိုမျိုး တန်းတူအခွင့်အရေးရဖို့တွေလည်း အဖေက လိုချင်ခဲ့တာပေါ့။ ပညာရေးတွေ၊ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးရလဒ်တွေ အကုန်လုံးကို တိုင်းရင်း သားအားလုံးကို ညီတူညီမျှ ခံစားခွင့်ရတဲ့ အခြေအနေကို အဖေက အရမ်းလိုချင်ခဲ့တာ။ ဖြစ်စေ ချင်ခဲ့တာ။ ဘဝမှာကတော့ အဖေ့ရဲ့ လူမျိုးကို ချစ်တတ်တဲ့စိတ်တွေ၊ နိုင်ငံကို ကောင်းစားစေ ချင်တဲ့ စိတ်တွေကို အစ်မတို့က တောက်လျှောက် မြင်ခဲ့ရတော့လေ၊ အဖေဆိုတော့ ချစ်တာပေါ့။ ဒီလိုစိတ်ဓာတ်လေးတွေ မြင်ရတဲ့အခါမှာ တစ်သက်လုံး ချစ်ခင်လေးစားခဲ့ရပါတယ်"
ဦးခွန်ထွန်းဦးဟာ တိုင်းရင်းသားတွေ လိုလားတဲ့ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးခွင့်၊ ရှမ်းပြည်နယ် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ အမျိုးသားတန်းတူညီမျှရေးတို့အတွက် ဘဝတစ်လျှောက်လုံး တစိုက်မတ်မတ် ကြိုးပမ်းခဲ့သူ ဖြစ်တာကြောင့် ရှမ်းလူထုတစ်ရပ်လုံးအတွက် စံပြပုဂ္ဂိုလ်တစ်ဦးလို့ သမီးဖြစ်သူက ဆိုပါတယ်။
ဦးခွန်ထွန်းဦးကို ဆုံးရှုံးမှုက ပါတီအတွက်သာမကဘဲ ရှမ်းတစ်မျိုးသားလုံးအတွက် ကြီးမားတဲ့ ဆုံးရှုံး မှုဖြစ်တယ်လို့ လက်ရှိမှာ SNLD ရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ ဦးစိုင်းညွန့်လွင်က ပြောပါတယ်။
"ကြီးမားတဲ့ ဆုံးရှုံးမှုပေါ့ဗျာ၊ ကျနော်တို့ မထင်ဘူး အဲ့လောက်ထိကို၊ ဒါပေမဲ့ ကျနော်တို့ လုပ်ဖော် ကိုင်ဖက် မွန်တွေရှိပါတယ်၊ ရခိုင်တွေရော၊ ချင်းတွေရော အခုဆို ဘယ်သူမှ မကျန်သလောက်ဘဲ သူတို့ အတန်းတွေပေါ့၊ ဦးခွန်ထွန်းဦးက ကျနော်ထင်တယ် နောက်ဆုံးပဲလို့၊ အတွေ့အကြုံတွေ အများကြီးရှိတဲ့ လူတစ်ယောက် ကွယ်လွန်သွားပြီဆိုတော့ အတွေ့အကြုံက နှစ်ပေါင်းများစွာ စုဆောင်းလာရတာလေ၊ ဆိုတော့ အဲ့လိုလူမျိုး ကွယ်လွန်သွားတာက အများကြီး ဆုံးရှုံးတာပဲ"
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီကို ၈၈-အရေးတော်ပုံကြီးအပြီး စစ်တပ်က အာဏာသိမ်းပြီးစ ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလမှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အဲဒီအချိန်က စလို့ ဦးခွန်ထွန်းဦး ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တာဟာ အခုကွယ်လွန်ချိန်အထိ ဖြစ်ပါတယ်။
ဖြောင့်မတ်ရိုးသားတဲ့၊ ရှေ့ဆောင်လမ်းပြကောင်းတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လို့ ဦးခွန်ထွန်းဦးကို ဆုံးရှုံးရတဲ့အပေါ် စိတ်ထိခိုက်ရတယ်လို့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဦးဒေးဗစ်လှမြင့်က ပြောပါတယ်။
"ဦးခွန်ထွန်းဦးက ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကနေ ပြီးတော့မှ ဒီနေ့ ဒီအချိန်အထိ ခိုင်ခိုင်မာမာနဲ့ ယုံကြည်တဲ့အတိုင်း ရပ်တည်ခဲ့တဲ့ သူတစ်ဦးလည်း ဖြစ်ပါတယ်။ နောက်တစ်ခု ကျနော်တို့ တော်လှန်ရေး နိုင်ငံရေးအင်အားစုအားလုံးနဲ့လည်း ကျနော်တို့ ခိုင်မာတဲ့ ခေါင်းဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ သူဖြတ်သန်းခဲ့တဲ့ ကာလတစ်လျှောက်လုံးမှာ သူယုံကြည်ရာ လမ်းကြောင်းကို သစ္စာရှိရှိနဲ့ ရပ်တည်ပြီးတော့ ဆောင်ရွက်ခဲ့တာ အမှတ်တရပါပဲ၊ မပြောင်းမလဲ မဖောက်မပြန်ဘဲနဲ့ ရပ်တည်နိုင်ခဲ့တဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်"
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့အတွက် စစ်အစိုးရ တစ်ဖက်သတ် ကျင်းပတဲ့ အမျိုးသား ညီလာခံကို မတက်ရောက်ဘဲ သပိတ်မှောက်ခဲ့တာကြောင့် ၂၀၀၅ ခုနှစ်မှာ စစ်အစိုးရက ဦးခွန်ထွန်းဦး ကို ဖမ်းဆီးပြီး နိုင်ငံတော်ပုန်ကန်မှုနဲ့ ထောင်ဒဏ် အနှစ် ၉၀ ကျော်ထိ ချမှတ်ခဲ့တာပါ။ အဲဒီနောက် ပူတာအိုထောင်နဲ့ တောင်ငူ အကျဥ်းထောင်တို့မှာ ကာလကြာရှည် အကျဥ်းချခံခဲ့ရပါတယ်။
"မပြောင်းမလဲ မဖောက်မပြန်ဘဲနဲ့ ရပ်တည်နိုင်ခဲ့တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်"
တိုင်းပြည်အပြောင်းအလဲတွေဖြစ်စ သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်နေ့မှာမှ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ သူ ပြန်လွတ်လာတာပါ။
ဦးခွန်ထွန်းဦးနဲ့အတူ ပူတာအိုထောင်မှာ အတူနေခဲ့ဖူးတဲ့ နိုင်ငံရေးအကျဥ်းသားဟောင်း ဦးသီဟက ဦးခွန်ထွန်းဦး ဟာ ရိုးသားပြီး နိုင်ငံရေးဂုဏ်သိက္ခာရှိသူ၊ စိတ်စေတနာကောင်းသူ တစ်ယောက်လို့ ဆိုပါတယ်။
"တစ်ထောင်လုံးမှာရှိတဲ့ ပြည်သူတွေအပေါ်မှာတော့ အဘက စားသောက်ရေး၊ နေထိုင်ရေး အကုန် လုံးကို အစစအရာရာ တာဝန်ယူတယ်။ ကျနော်တို့ ပြည်သူတွေတင် မကဘူး။ တစ်ထောင်လုံးစာ အတွက်ပါ လိုအပ်တဲ့ဟာ မှန်သမျှကို အဘအနေနဲ့ ဖြည့်ဆည်းပေးခဲ့တယ်။ ဒီလို ပုဂ္ဂိုလ်မျိုးကို အခုလိုဖြစ်သွားတာ တိုင်းပြည်အတွက်ရော၊ ရှမ်းပြည်နယ်အတွက်ရော ကြီးမားတဲ့ ဆုံးရှုံးမှု တစ်ခုပါပဲ"
ရှမ်းစော်ဘွားမျိုးနွယ်ဖြစ်တဲ့ ဦးခွန်ထွန်းဦးကို ၁၉၄၃ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့က ရှမ်းပြည်နယ်၊ သီပေါမြို့မှာ မွေးဖွားခဲ့တာပါ။ ၁၉၈၈ ဒီမိုကရေစီအရေးလှုပ်ရှားမှုကာလ အသက် ၄၅ နှစ်အရွယ်ကတည်းကနေ အခု အသက် ၇၉ နှစ် ကွယ်လွန်ချိန်အထိ မြန်မာနိုင်ငံရဲ့ ခက်ခဲလှတဲ့ ဒီမိုကရေစီခရမ်းကြမ်းမှာ အနှစ် ၃၀ ကျော် ပါဝင်ခဲ့သူဖြစ်ပါတယ်။
"အရင်တုန်းကတော့ ကျနော်တို့က လူပုဂ္ဂိုလ်ကို ဦးစားပေးပြီးတော့ ဦးဆောင်မှုနဲ့ ယုံကြည်မှုနဲ့ လုပ်လာခဲ့တယ်၊ ဒီလမ်းစဉ်ကို ကျနော်တို့ မသွေဖည်ဘူးပေါ့၊ တောက်လျှောက် ခုထိ လုပ်လာ တယ်၊ ဆက်လည်း လုပ်မယ်၊ အခုဆိုရင် လူပုဂ္ဂိုလ် ဦးဆောင်မှုထက် မူဝါဒဦးဆောင်မှုနဲ့ ပြောင်း လဲထားတော့ ကျနော်တို့ ခေါင်းဆောင်ကြီးကို ဆုံးရှုံးရတာ တစ်ဖက်ကလည်း စိတ်မကောင်း ဝမ်းနည်းတယ်၊ သို့သော်လည်း သူ ဦးဆောင်ပြီး လျှောက်လာတဲ့၊ သူဖြစ်ချင်တဲ့အရာကို ရှမ်းပြည်နယ်အတွက်၊ တိုင်းရင်းသားတွေအတွက် ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်ဖို့ ကျနော်တို့ တစိုက်မတ်မတ်ပဲ လက်မလျှော့တမ်း ဆက်လုပ်သွားမှာပါ"
ဦးခွန်ထွန်းဦးဟာ ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတုန်းက သီပေါမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ကနေ SNLD ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့ပေမယ့် လွှတ်တော်တက်ခွင့်မရခဲ့ပါဘူး။ အဲဒီ့နောက် ၂၀၀၂ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ဖွဲ့စည်းတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ CRPP မှာ SNLD ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့ပါတယ်။
SNLD ဟာ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက် ပွဲမှာ NLD နဲ့ ကြံခိုင်ဖွံ့ဖြိုးရေးပါတီပြီးရင် တစ်နိုင်ငံလုံးမှာ မဲဆန္ဒနယ် ၄၂ နေရာနဲ့ တတိယမဲအများဆုံး အနိုင်ရရှိခဲ့ပါတယ်။