ရှမ်းမြောက်က ဒုက္ခသည်တွေ နေရပ်အိမ်ပြန်လို


2019.02.21

 

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့အနီး ပန်လုံ စစ်ဘေးဒုက္ခသည်စခန်းက စစ်ဘေးရှောင်တွေဟာ သူတို့ မူလ နေအိမ်နဲ့ မြေနေရာတွေ ဆုံးရှုံးသွားမှာ စိုးရိမ်တာကြောင့် အိမ်ကိုပြန်သွားလိုကြတယ်လို့ သိရပါတယ်။

RFA သတင်းထောက် ကိုရဲထက် တင်ပြထားပါတယ်။

နမ့်ခမ်းမြို့နားက ပန်လုံဒုက္ခသည်စခန်းမှာ နမ့်ခမ်းမြို့နယ်အတွင်းရှိ ကဒေါ့ကောင်၊ ယန်ဟူး၊ ချန်ကာ၊ တိန်ဂါ၊ မှော်စွေ စတဲ့ ကျေးရွာ ၅ ခု က လူဦးရေ ၅၀၀ ကျော်ဟာ မနှစ်က ပြဌာန်းခဲ့တဲ့ မြေယာဥပဒေသစ်ကြောင့် သူတို့ဇာတိကနေရပ်က မြေနေရာတွေ ဆုံးရှုံးမှာ စိုးရိမ်တာကြောင့် အိမ်ပြန်ချင်ကြတဲ့အကြောင်း ယန်ဟူးကျေရွာက ဒေါ်ကိုင်လွန်းက ပြောပါတယ်။

"ဘာကြောင့် ပြန်ချင်တာလည်းဆိုတော့ ကျမတို့က ဒီမှာနေတာလည်း အရမ်းကြီး အဆင်ပြေတာတော့ မဟုတ်ဘူးပေါ့၊ အဲလိုမျိုးဒေသမှာလည်း အခုဘယ်လိုဖြစ်လာလဲဆိုတော့ မြေနေရာတွေပေါ့ တချို့က ပုံစံ ၇ လုပ်ထားတာရှိတယ်၊ တချို့က မလုပ်ရသေးတာလည်းရှိတယ်၊ ကိုယ့်မြေနေရာကို ပြန်ချင်တာပေါ့နော်၊ အဓိက ကိုယ့်မြေနေရာ ဆုံးရှုံးမှာ အကြောက်ဆုံးပဲပေါ့၊ အဲဒါကြောင့် အဓိက ပြန်ချင်တာပေါ့၊ ဒီမှာနေတယ်ဆိုတာ ကိုယ်က ကိုယ့်လယ်လည်း လုပ်စားလို့မရ ဒီမှာနေရင် ပိုပြီးအခက်အခဲ ဖြစ်လာမှာပေါ့၊ ဒါကြောင့် ပိုပြီးပြန်ချင်တာ"

ဒီကိစ္စနဲ့ပတ်သက်လို့ ပန်လုံစခန်းရဲ့ လက်ထောက်မန်နေဂျာ ကိုဖန်လာကို မေးကြည့်တဲ့အခါမှာတော့ မကြာခင်က ထုတ်ပြန်လိုက်တဲ့ မြေယာဥပဒေကြောင့် ပြန်ဖို့စဉ်းစားလာတာဖြစ်တယ်လို့ ပြောပါတယ်။

"ပုံစံ ၁ မရှိတဲ့လူ မြေလွတ်မြေရိုင်း ဥပဒေလည်း ထုတ်လာပြီဆိုတော့ ကျနော်တို့လည်းစိုးရိမ်တာပေါ့၊ ကျနော်တို့ တောင်ပေါ်ဒေသမှာဆိုရင် အရင်တုံးက ဘယ်သူမှ ပုံစံ ၁ ပုံစံ ၇ ကို မလုပ်ကြဘူးပေါ့။ နားလည်း မလည်ကြဘူး၊ အခုကျတော့ အစိုးရက ဒီဟာကို တအားကြီး ပြောလာတဲ့အချိန်ကျတော့ ကျနော်တို့လည်း စိုးရိမ်တာပေါ့"

မြေလွတ်၊ မြေလပ် ၊မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေ ၂၀၁၈ ကြောင့် သူတို့မူလနေထိုင်လုပ်ကိုင်စားသောက်တဲ့မြေနေ ရာတွေကို စက်ရုံစီမံကိန်းတွေကြောင့်ပဲဖြစ်ဖြစ်၊ လမ်းဖေါက်လုပ်တဲ့အခါမှာပဲဖြစ်ဖြစ်၊ သူတို့ရဲ့ မြေတွေ ပါသွားမှာကို စိုးရိမ်နေကြတာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီဥပေဒေကို ပယ်ဖျက်ဖို့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက် ပိုင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်နေသူတွေအနေနဲ့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ကြေညာချက် ထုတ်ပြီး ကန့်ကွက်ခဲ့ဘူးပါတယ်။

လက်ရှိ အဲဒီ စခန်းမှာ ရွာ ၅ ရွာက စစ်ဘေးရှောင်တွေ နေထိုင်ကြပေမယ့် အဲဒီအထဲက ယန်ဟူးနဲ့တိန်ဂါ ရွာ နှစ်ရွာက အရင်ပြန်ဖို့ ဆွေးနွေးထားပီး အစိုးရ အပါအဝင် အင်န်ဂျီအို စတဲ့ သက်ဆိုင်ရာဌာနတွေကို မကြာခင်မှာ တင်ပြသွားမယ်လို့ သိရပါတယ်။

တကယ်လို့ ပြန်ဖြစ်မယ်ဆိုရင် အဖက်ဖက်က အကူအညီတွေ လိုအပ်နေမှာ ဖြစ်တယ်လို့လည်း လက်ထောက်မန်နေဂျာ ကိုဖန်လာ က ဆက်ပြောပြပါတယ်။

"စစချင်းထွက်လာချိန်မှာ ကျနော်တို့ ကိုယ့်ရဲ့ခြံနဲ့ ကိုယ့်ရဲ့အိမ်နဲ့ ပုံမှန်လုပ်စားနေတဲ့ အချိန်ကျတော့ ဘာမှမဖြစ် ဘူးပေါ့၊ ဒီဘက်မှာ ပြန်ရောက်လာတဲ့အချိန်လည်း တော်တော်ကြာသွားပြီပေါ့၊ ၅ နှစ်ကျော်လောက်ဖြစ်နေ ပြီဆိုတော့ ကျနော်တို့ အိမ်တွေလည်း ပျက်စီးကုန်ပြီ၊ ခြံတွေလည်း ပျက်စီးကုန်ပြီပေါ့၊ အစကနေ ပြန်လုပ်ယူရ မလိုဖြစ်နေတယ်၊ ပြန်တဲ့အချိန်ကျရင် အစိုးရဘက်ကနေ ကျနော်တို့ကို အရင်ကလို အပြည့်အဝအကူအညီပေးဖို့ လိုမယ်လို့ မျှော်လင့်ပါတယ်။ ပြီးတော့ သူတို့ကူညီမယ်လို့လည်း ထင်ပါတယ်"

ပန်လုံဒုက္ခသည်စခန်းဟာ ရှမ်းပြည်မြောက်ပိုင်းမှာ အစိုးရတပ်နဲ့ ကေအိုင်အို တပ်မဟာ ၄ လက်အောက်ခံ KIA တပ်တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာရာကနေ ၂၀၁၄ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ စခန်းဖြစ်ပါတယ်။

နေထိုင်စားသောက်ရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ WFP အဖွဲ့က အဓိက ထောက်ပံ့ထားသလို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာနကလည်း အကူအညီပေးတယ်လို့ သိရပါတယ်ခင်ဗျာ။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။