နှစ် ၂၀ ကြာပျက်စီးနေတဲ့ ရခိုင်ဆားဈေးကွက်ပြန်ကောင်းဖို့ မျှော်လင့်နေကြ

အပူချိန်မြင့်တဲ့ ရခိုင်ပြည်နယ်ရဲ့ နေပူကြီးထဲမှာ ဆားလုပ်ငန်းလုပ်တဲ့မိသားစုနဲ့ အငှား လုပ်သားတွေဟာ မြေပြင်က ဆားတွေကို ခြစ်တဲ့သူကခြစ်၊ ထမ်းတဲ့သူကထမ်းပြီး မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်နေကြတာပါ။
ရခိုင်မှာ ဆားလုပ်ငန်းကို ဆောင်းရာသီဝင်စ အောက်တိုဘာလကနေ မိုးရာသီအစပိုင်း ဇွန်လအထိ ခုနစ်လကြာ လုပ်ကိုင်ကြပြီး နွေရာသီမှာတော့ ဆားအထွက်နှုန်း ပိုများကြပါတယ်။
အရင်တုန်းက ဆားတွေကို တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့ခဲ့ကြပေမယ့် နောက်ပိုင်း မှာတော့ အရည်အသွေး မပြည့်မီဘူးဆိုပြီး အဝယ်ရပ်ခဲ့တာကြောင့် ရခိုင်ဆားဈေးကွက် ပျက်စီးသွားခဲ့ပြီး ဆားလုပ်ငန်းလုပ်သူ တွေရဲ့ဘဝ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတာ ဆယ်စုနှစ်နှစ်စုအထိ ရှိနေပါပြီ။
လက်ရှိ ဆားကြမ်းတစ်ပိဿာကို ငွေကျပ် ၇၀၊ ၈၀ လောက်သာရတာကြောင့် အရှုံးပေါ်နေတယ်လို့ စစ်တွေမြို့ မှာ ဆားလုပ်ငန်းလုပ်ကိုင်နေတဲ့ ကိုညီညီလွင်က RFA ကို ပြောပါတယ်။
"လက်ရှိအခြေအနေမှာတော့ ကျနော်တို့မှာ ဆားက ဈေးကောင်းမရတဲ့အတွက်ကြောင့် ထုတ်လုပ်မှုစရိတ်နဲ့ အခု ပေါက်ဈေးနဲ့ လိုက်မမီဘူး။ အရှုံးပေါ်နေတာများတယ်။ အခု ဆားတစ်ပိဿာကို ၇၀၊ ၈၀ ပဲရှိတယ်။ ကျနော်တို့ ထုတ်လုပ်မှုစရိတ်က ၆၀ လောက်ရှိတယ်။ ဆိုတော့ အတူတူဖြစ်နေတယ်"
လက်ရှိ ဈေးကောင်းမရကြသလို စက်သုံးဆီဈေးနှုန်း မြင့်တက်တာနဲ့ လုပ်အားခတွေ ကြောင့် အခက်အခဲတွေ ပိုဖြစ်လာတယ်လို့ ဆိုပါတယ်။
ရခိုင်က ဆားလုပ်ငန်းလုပ်ကိုင်သူတွေဟာ ပင်လယ်ဆားငန်ရေကို မြေကြီးပေါ်မှာပဲ နေလှန်းပြီး ထုတ်လုပ်တဲ့ မိရိုးဖလာနည်းအတိုင်းပဲ လုပ်ကိုင်နေရတာပါ။
နိုင်ငံတကာကို တင်ပို့နိုင်ဖို့အထိ အရည်သွေးမီတဲ့ ဆားကြမ်းတွေထုတ်လုပ်ဖို့ ငွေကြေးအခက်အခဲ ရှိနေတယ်လို့ စစ်တွေမြို့နယ်မှာ ဆားလုပ်ငန်းလုပ်ကိုင်နေတဲ့ ဦးမြဝင်းက RFA ကို ပြောပါတယ်။
"လယ်ကွက်တွေကို ပလတ်စတစ် ခင်းရမယ်။ ပလတ်စတစ်ခင်းလိုက်မှ နိုင်ငံတကာ အဆင့်မီတဲ့ ဆားကြမ်း ရလာမယ်။ ဆားကြမ်းတစ်ဆင့် ဒီကနေတက်သွားပြီဆိုရင် နိုင်ငံတကာအဆင့်မီတဲ့ ဆားကြိတ်စက်တွေ လိုတာပေါ့။ ဒါမှ အရည်အသွေးကောင်းတဲ့ ဆားတွေထွက်လာမှာပေါ့။ ကျနော်တို့ မလုပ်နိုင်ဘူးဆိုတာက ပိုက်ဆံမရှိလို့ပေါ့။ ပလပ်စတစ် တစ်ချပ်ကို ကိုးသောင်းလောက်ရှိတယ်။ နည်းစနစ်တွေ၊ နည်းပညာတွေ အကုန်တတ်တယ်။ ပိုက်ဆံမရှိလို့ လုပ်လို့မရဘူး"
ဆားလုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့ ဆားဈေးကွက်ပျက်တာ၊ ငွေကြေးအခက်အခဲနဲ့ နည်းပညာအကူအညီတွေ လိုနေတာကြောင့် နိုင်ငံတော်ကနေ ကူညီပေးစေချင်တယ်လို့ ဦးမြဝင်းက ဆိုပါတယ်။
"နည်းစနစ်တွေ၊ နည်းပညာတွေ အကုန်တတ်တယ်။ ပိုက်ဆံမရှိလို့ လုပ်လို့မရဘူး"
ရခိုင်ဆားလုပ်ငန်းရှင်များအသင်း စာရင်းတွေအရ ကျောက်ဖြူ၊ ပေါက်တော၊ စစ်တွေ၊ မြေပုံ၊ အမ်း၊ ပုဏ္ဏားကျွန်း၊ သံတွဲ၊ မောင်တော စတဲ့မြို့နယ်တွေမှာ ဆားလုပ်ငန်း အဓိက လုပ်ကိုင်ကြပြီး ဧကသုံးထောင်ကျော် ရှိပါတယ်။
ရခိုင်ဆားလုပ်ငန်းရှင်တွေကို နိုင်ငံတော်က ကျပ်တစ်ဘီလီယံကူညီဖို့ ပြင်ဆင်နေပြီး ဘင်္ဂလားဒေ့ရှ်ဘက် ပြန်လည်တင်ပို့နိုင်ဖို့လည်း ဆွေးနွေးနေတယ်လို့ ရခိုင်ဆားလုပ်ငန်းရှင် များ အသင်းဥက္ကဋ္ဌ ဦးသန်းဝင်းက ပြောပါ တယ်။
"ကျနော်တို့ ၁၀ လပိုင်းလောက်ကနေပြီးတော့ ဘင်္ဂလားဒေ့ရှ် ဆားကုန်သည် ကိုးဦးနဲ့ ကျနော်တို့ ဆက်တိုက်ဆွေးနွေးပါတယ်။ ဆားထွက်တာကတော့ ဒီ ၂ လပိုင်းမှာ စုံစုံလင်လင် ထွက်လာပါပြီ။ ၃ လပိုင်းလောက်ဆိုရင် တင်ပို့နိုင်မယ်ထင်ပါတယ်။ နှစ်နိုင်ငံအစိုးရချင်း တွေ့ဆုံဖို့ရှိပါတယ်။ အဲဒီမှာ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးမယ်။ ဒီကြားထဲမှာလည်း ဘင်္ဂလားဒေ့ရှ်သံအမတ်နဲ့ အဲဒီက စီးပွားရေးဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ ဆက်လက် ဆွေးနွေးမှာပါ"
ဘင်္ဂလားဒေ့ရှ်ဆားကုန်သည်တွေက အရည်အသွေးပြည့်မီရင် ပြန်ဝယ်ယူမယ်လို့ သဘောတူခဲ့တာကြောင့် အရည်အသွေးမီတဲ့ ဆားထုတ်လုပ်နိုင်ရေး ဆားလုပ်ငန်းရှင်တွေ ကို အကူအညီပေးဖို့ စစ်ကောင်စီဥက္ကဋ္ဌနဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က တွေ့ဆုံချိန်မှာ တင်ပြတောင်းဆိုခဲ့တယ်လို့လည်း ဦးသန်းဝင်းကဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်ဟာ တစ်နှစ်ကို ဆားတန်ချိန် တစ်သန်းနီးပါးအထိလိုအပ်ပြီး ပြည်တွင်းဆား ထုတ်လုပ်မှု တန်ချိန် သုံးသိန်းလောက်သာရှိတာကြောင့် လိုအပ်တဲ့ဆားကို ပြည်ပကနေ ဝယ်ယူသုံးစွဲရနေရတာပါ။
ဒါကြောင့် ၁၉၉၈ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အထိ ရခိုင်ကဆား တစ်နှစ် တန်ချိန် ရှစ်သောင်းကနေ တစ်သိန်းခွဲအထိ ဝယ်ယူခဲ့ပေမယ့် အဲဒီနောက်ပိုင်း အရည်အသွေး မပြည့်မီဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ရခိုင်ဆားကို မဝယ်တော့ဘဲ အိန္ဒိယနိုင်ငံ၊ ဂူဂျာဟစ်ပြည်နယ်က ဆားကိုပဲ ဝယ်ယူတော့တာပါ။
ရခိုင်မှာ ဆားလုပ်ငန်းလုပ်ကိုင်နေသူတွေတော့ ဆယ်စုနှစ်နှစ်စုကြာပျက်စီးနေတဲ့ ဆားဈေးကွက်ပြန်ခိုင်မာလာပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုများလာဖို့ မျှော်လင့်နေကြပါတယ်။