စံချိန်တင်မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းကြောင့် စားဝတ်နေရေး ပိုခက်ခဲလာ
2023.06.28
စစ်တပ်က အာဏာသိမ်းပြီးနောက် စီးပွားရေးလုပ်ငန်းတွေ ကျဆင်းလာသလို ၂၀၂၂ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်တွေမှာ အလုပ်လက်မဲ့နှုန်းတွေမြင့်တက်လာပြီး အခြေခံလူတန်းစား တွေရော လူလတ်တန်းစားတွေပါ နောက်ဆက်တွဲ အကျိုးဆက်တွေ ခံစားနေကြရပါတယ်။
"အရင်က ခိုးတယ်၊ အခုလုယက်တဲ့အထိ၊ သတ်ဖြတ်တဲ့အထိ ဖြစ်လာကြတာ တွေ့ရတယ်"
လူတွေမရှိမဖြစ်သုံးရတဲ့ ဆန်၊ ဆီ၊ ငရုတ်သီး၊ ကြက်သွန်နဲ့ သားငါးဈေးတွေဟာ အခု ၂၀၂၃ခုနှစ်မှာ အာဏာမသိမ်းခင်ကထက် နှစ်ဆနီးပါးမြင့်တက်လာတယ်လို့ ဆန်အရောင်းအဝယ်လုပ်နေသူတွေနဲ့ အိမ်ရှင်မတွေက ပြောပါတယ်။
"အခုဆိုရင် ဆန်ဈေးတွေက အရင်နှစ်တွေကထက် ၁ ဆကျော် ၂ ဆနီးပါးလောက် တက်လာတယ်၊ ပြီးခဲ့တဲ့ နှစ်က ဆန်ကြမ်းတစ်ပြည်ကို ၂၅၀၀ ပဲရှိတယ်၊ အခု အနိမ့်ဆုံးဆန်တောင် ၃၅၀၀ လောက်ရှိတယ်၊ ဆန်ကွဲတစ်ပြည် ၂၀၀၀ ရှိတယ်၊ အခြေခံလူတန်းစားတွေအနေနဲ့ အရင်တုန်းကဆိုလို့ရှိရင် လကုန်တာနဲ့ ဆန်တစ်အိတ်ဝယ်နိုင်တယ်၊ အခု တစ်အိတ်မဝယ်နိုင်တော့ဘူး၊ ဆယ်ပြည်၊ ဆယ့်ငါးပြည်လောက်ပဲ ဝယ်နိုင်တော့တယ်"
ရန်ကုန်မြို့က အိမ်ရှင်မတစ်ယောက်ဖြစ်တဲ့ ဒေါ်သူသူအောင် ပြောပြတာပါ။
ပြည်တွင်းဈေးကွက်မှာ တန်းမြင့်ဆန်လို့သတ်မှတ်ကြတဲ့ ရွှေဘိုပေါ်ဆန်း ၂၄ ပြည် တစ်အိတ်က ၂၀၂၁ ဇွန်လမှာ အမြင့်ဆုံး ငါးသောင်းလောက်ပဲရှိခဲ့ပေမယ့် နှစ်နှစ်အကြာ အခုနှစ် ဇွန်လမှာ တစ်သိန်းတစ်သောင်းခွဲလောက်အထိ ဈေးပေါက်နေတယ်လို့ ရန်ကုန်မြို့က ဆန်ဆိုင်ပိုင်ရှင် ဦးအောင်စိုးက ပြောပါတယ်။
"၂၀၂၁ ရွှေဘိုပေါ်ဆန်းထိပ်စက ၆၀၀၀၀ အောက်ပဲရှိပါတယ်၊ ၂၀၂၂ တစ်နှစ်လုံးမှာ လည်း ၇၀၀၀၀ အထက်မှာ မရှိပါဘူး။ ၆၀၀၀၀ နဲ့ ၇၀၀၀၀ ကြားထဲမှာပဲရှိပါတယ်၊ ဆန်အရည်သွေးပေါ်မူတည်ပြီး ပျမ်းမျှဈေးက ၆၅၀၀၀ လောက်ပေါ့၊ ၂၀၂၃ လည်းရောက်ရော ရွှေဘိုဆန်တစ်အိတ်ရဲ့ဈေးနှုန်းက ၁၁၅၀၀၀ လောက်ဖြစ်နေတယ်၊ ဒါကြောင့် ၂၀၂၂ နဲ့ ၂၀၂၃ မှာတော့ ဆန်ဈေးက ဆတိုးတက်သွားတယ်လို့ ပြောလို့ရပါတယ်ဗျ"
အခုလို အခြေခံစာသောက်ကုန်ဈေးနှုန်းတွေ တက်နေတဲ့အချိန်မှာ တစ်ကိုယ်ရေ တစ်ကာယသမားတွေအတွက် ထမင်းဆိုင်မှာဝယ်စားရင် တစ်နပ်ကို ၃၀၀၀ ကနေ ၅၀၀၀ အထိ အသားတစ်မျိုး၊ အသီးရွက် တစ်မျိုးနဲ့ရနိုင်ပေမယ့် မိသားစုရှိတဲ့သူတွေဆိုရင် ချက်စားမှတွက်ခြေကိုက်ပါတယ်။ ဒါပေမဲ့ ပိုက်ဆံ ၁၀၀၀၀၊ ၁၅၀၀၀ လောက်နဲ့ ဈေးသွားရင် အသားငါးဝယ်ဖို့ မစဉ်းစားနိုင်ဘူးလို့ မိသားစု ခြောက်ယောက်စာ နေ့စဉ်ချက်ပြုတ်စီမံနေရတဲ့ အိမ်ရှင်မ ဒေါ်မိုးမိုးက ပြောပါတယ်။
"ဈေးရောက်လို့ရှိရင် ဘာဝယ်လို့ဝယ်ရမှန်း မသိဘူး၊ ကန်စွန်းရွက်က တစ်စီး ၅၀၀၊ ၄ စီးလောက်ဝယ် လိုက်ရင် အဲမှာ ၂၀၀၀၊ ကြက်ဥ ၁၀ လုံးက ၃၀၀၀၊ စားဆီကလည်း အစိတ်သား၊ သုံးဆယ်သားလောက်ကုန်နေတော့ တစ်ပိဿာ ၈၀၀၀ လောက်ရှိနေပြီ၊ အဲဒါက ၂၀၀၀ ကျော် ၃၀၀၀ ကုန်တယ်။ လက်ထဲ မှာ ၁၀၀၀၀၊ ၁၅၀၀၀ လောက်ယူသွားရင် အသားငါးအတွက် ဘာမှဝယ်လို့ကို မရတော့ဘူး။ အသီးအရွက်၊ ကြက်ဥနဲ့ နေ့စဉ်စားဖို့ ဆီဝယ်လိုက်တာနဲ့ ပါလာတဲ့ငွေက ကုန်သွားပြီ"
ကြက်စာဆန်တွေ၊ ဆန်ကွဲကြမ်းကိုဝယ်စားတဲ့သူတွေလည်း အခုနောက်ပိုင်း ပိုပေါလာတယ်လို့ ဆန်၊ ဆီ ရောင်းဝယ်ရေး လုပ်ငန်းရှင် တစ်ယောက်က ပြောပါတယ်။
"ကျွန်တော့်ဆိုင်မှာ ပုံမှန်ဝယ်နေကြသူတွေရှိပါတယ်။ တစ်ပြည်ဝယ်တဲ့သူ၊ နို့ဆီဘူး လေးလုံးလာဝယ်တဲ့သူတွေက ဇီယာတို့၊ ဆင်းသွယ်တို့၊ ရက်ကိုးဆယ်တို့ကို အရင်က ဝယ်စားနေတဲ့သူတွေပါ၊ အခု အဝါဖျန်း ဆန်တွေ၊ ကြက်စာဆန်တွေ လာလာမေးပြီး ဝယ်ကြတယ်၊ အရင်ကဝယ်နေကျ ဇီယာတို့၊ ဆင်းသွယ်တို့ကို မဝယ်တော့ဘဲနဲ့၊ အဲလို အဖြစ်တွေကို ကျွန်တော် မြင်နေရ၊ ကြုံနေရတယ်"
အလုပ်ရှိနေတဲ့သူတွေမှာလဲ ကုန်ဈေးနှုန်းတက်လာပေမယ့် လုပ်ခလစာတိုးမလာလို့ ဝင်ငွေနဲ့ထွက်ငွေ မမျှတော့ဘဲ ရှိတဲ့ပစ္စည်းတွေ ပေါင်းနှံပြီး အသက်ဆက်နေရတယ်လို့ ဒေါ်သူသူအောင်က ပြောပါတယ်။
"အရင်တုန်းက အလုပ်လုပ်နေတဲ့ နှစ်ဦးရဲ့ဝင်ငွေလစာနဲ့ လောက်ငခဲ့တယ်၊ အခု အဲဒီနှစ်ဦးရဲ့ လုပ်ခလစာနဲ့က မလောက်တော့ဘူး။ လစာရလာတာနဲ့ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်ကို ဝယ်လိုက်တယ်၊ ဟင်းစားဖိုးက တစ်ရက်ကို ၁၀၀၀၀ ကုန်တယ်၊ တစ်လ၊ တစ်လအတွက် ရေဖိုးမီးဖိုးဖယ်လိုက်လို့ရှိရင် အဲဒီရလာတဲ့ လစာက ရက် ၂၀ လောက် အတွက်ပဲ အသုံးခံတော့တယ်၊ ရက် ၂၀ ကျော်လာတဲ့အခါ အိမ်က ပေါင်လို့ရောင်းလို့ရတဲ့ ပစ္စည်းတွေပေါင်ပြီး၊ ရောင်းပြီး အသက်ဆက်ဖို့အတွက် ဘဝကိုဖြတ်သန်းနေရတာပါ"
ဆန်ဈေးတွေတက်လာတာ နိုင်ငံရေးကြောင့် တိုင်းပြည်မငြိမ်မသက်ဖြစ်တာနဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်တွေ ကြီးမြင့်လာတာကြောင့်ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က အရင်ကပြောဖူးပါတယ်။
အခုဆိုရင် တောင်းရမ်းစားသောက်ရတဲ့သူတွေ၊ ခိုးဝှက်လုယက်တာတွေ များလာတယ်လို့ ရန်ကုန်က စီးပွားရေးလေ့လာသုံးသပ်သူ ဦးကြည်သာက ပြောပါတယ်။
"အလုပ်မရှိတဲ့သူတွေကလည်း ပိုများလာတယ်၊ အခြေခံစားသောက်ကုန်တွေကလည်း တစ်နေ့၊ တစ်နေ့ ပိုပိုပြီးတက်လာတယ်၊ ဒါကြောင့် အပြင်မှာ တောင်းရမ်းစားသောက် သူတွေက တအားများလာတယ်၊ အရင်က ခိုးတယ်၊ အခုလုယက်တဲ့အထိ သတ်ဖြတ်တဲ့ အထိ ဖြစ်လာကြတာ တွေ့ရတယ်"
လူကြိုက်များပြီး ဈေးအကြီးဆုံးဆန်ဖြစ်တဲ့ ရွှေဘိုပေါ်ဆန်း အဓိကစိုက်တဲ့ ရွှေဘို၊ ကန့်ဘလူ၊ ခင်ဦး၊ ရေဦး၊ တန့်ဆည်ဘက်တွေမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး အိမ်တွေရော၊ စပါးကျီတွေပါ မီးရှို့ထားခဲ့တာကြောင့် အရင်လို စပါးမစိုက်နိုင်တော့တာ အာဏာသိမ်းပြီးကတည်းကပါ။
ကမ္ဘာ့နိုင်ငံပေါင်း ၁၉၆ နိုင်ငံရဲ့ စီးပွားရေးဆိုင်ရာအညွှန်းကိန်းတွေအတွက် အချက်အလက် မျှဝေနေတဲ့ Trading Economics အဖွဲ့က သုံးသပ်ချက်အရ မြန်မာနိုင်ငံရဲ့ အလုပ်လက်မဲ့ နှုန်းဟာ ၂၀၁၉ ခုနှစ်က ဝ.၇ ရာခိုင်နှုန်းပဲရှိခဲ့ပြီး အခု ၂၀၂၃ ခုနှစ်မှာတော့ ၂.၂ ရာခိုင်နှုန်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က ထုတ်ပြန်တဲ့ (၂၀၂၃) အတွက် ကမ္ဘာ့အဆင်းရဲဆုံး (၂၅) နိုင်ငံစာရင်းမှာလည်း မြန်မာနိုင်ငံက နံပါတ် (၂၄) မှာ ပါဝင်သလို အရှေ့တောင်အာရှမှာတော့ မြန်မာနိုင်ငံက အဆင်းရဲဆုံးနိုင်ငံအဖြစ် စာရင်းဝင်နေပါတယ်။