စစ်ပွဲတွေ ခေတ္တရပ်နေတဲ့ ရခိုင်ပြည်နယ်မှာ ရိုးရာသင်္ကြန်စည်ကား
2023.04.14
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်ထားတဲ့အတွက်ကြောင့် ရိုးရာသင်္ကြန်ပွဲတော်ကို ဒီနေ့ သင်္ကြန်အကျနေ့မှာ စည်စည်ကားကား ကျင်းပနေကြတာ တွေ့ရပါတယ်။
လွန်ခဲ့တဲ့လေးနှစ်မှာဆိုရင် ကိုဗစ်ကပ်ရောဂါရော၊ စစ်ပွဲတွေပြင်းထန်နေလို့ပါ သုံးနှစ် ဆက်တိုက် သင်္ကြန်ပွဲ မကျင်းပနိုင်ခဲ့ကြပါဘူး။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကမှ ပြန်ပြီး ကျင်းပ နိုင်ခဲ့တာပါ။
“ဒီနှစ်မှာတော့ ရခိုင်သင်္ကြန်ကို အရင်နှစ်တွေကထက် စည်စည်ကားကား ကျင်းပဖို့ ပြင်ဆင်နေတာ တွေ့ရပါတယ်”
ဒီနှစ်မှာလည်း တိုက်ပွဲတွေရပ်ထားတာကြောင့် တစ်ပြည်နယ်လုံးမှာ ရိုးရာသင်္ကြန်ကို စည်စည်ကားကား ကျင်းပနေတယ်လို့ စစ်တွေမြို့ခံ ကိုမင်းကိုအောင်က RFA ကို ပြောပါတယ်။
“ဒီရခိုင်ရိုးရာသင်္ကြန်ကကျတော့ ၂၀၁၉ ခုနှစ်လောက်ကစပြီးတော့ မနှစ်ကအထိပေါ့နော် စစ်ဘေးတွေ၊ ကိုဗစ် ကပ်ဘေးတွေကြောင့် ရခိုင်သင်္ကြန်ကို စည်စည်ကားကား မကျင်းပ နိုင်ခဲ့ဘူးပေါ့။ ဒီနှစ်မှာတော့ ရခိုင်သင်္ကြန်ကို အရင်နှစ်တွေကထက် စည်စည်ကားကား ကျင်းပဖို့ ပြင်ဆင်နေတာ တွေ့ရပါတယ်”
မနေ့က သင်္ကြန်အကြိုနေ့မှာလည်း ရခိုင်ရိုးရာအစဉ်အလာအတိုင်း နံ့သာသွေးပွဲလို့ခေါ်တဲ့ နံ့သာဖြူ၊ နံ့သာနီတွေ စုပေါင်းသွေးပွဲကို စစ်တွေမြို့က ရပ်ကွက်တိုင်းမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျင်းပခဲ့ကြတာ တွေ့ရပါတယ်။
အဲဒီနံ့သာရေတွေက ဘုရားရေသပ္ပာယ်ဖို့အတွက်ပါ။ ရခိုင်လူမျိုးတွေဟာ မင်္ဂလာစည်တော် တွေတီးပြီး မြို့ကို စီတန်းလှည့်လည်ရင်း ဘုရားစေတီတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ အဲဒီ နံ့သာရေနဲ့ ဘုရားရေသပ္ပာယ် ကြပါတယ်။
ဒီအစဉ်အလာက ရခိုင်တွေမှာပဲရှိတဲ့ ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်ပြီး ဒါဟာ ရခိုင်တွေ အပါအဝင် မြန်မာပြည်သူ ပြည်သားအားလုံး အေးချမ်းသာယာဖို့အတွက် ဖြစ်တယ်လို့ စစ်တွေ မြို့လုံးကျွတ် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုကိုလေး က ပြောပါတယ်။
“နံ့သာသွေးကြတယ်ဆိုတာ ရခိုင်ရိုးရာပေါ့။ နံ့သာသွေးပွဲဆိုတာ မြန်မာတစ်နိုင်ငံလုံးမှာ ဘယ်မှာမှမရှိပါဘူး။ ရခိုင်တစ်ပြည်နယ်တည်းမှာပဲရှိတာပါ။ နံ့သာသွေးပွဲကို ညနေ ပိုင်းမှာကျင်းပပြီးတော့ ရလာတဲ့ နံ့သာဖြူ၊ နံ့သာနီတွေနဲ့ အင်္ကြန်အကြိုနေ့မှာ ရခိုင် ရိုးရာအစဉ်အလာအရ ဘုရားရေချိုးပါတယ်။ ဘုရားရေချိုးခြင်းအားဖြင့် မြန်မာပြည်သူ ပြည်သားတွေ၊ ရခိုင်ပြည်သူပြည်သားတွေ အားလုံးအေးချမ်း သာယာဖို့အတွက် ဘုရား ရေချိုးရခြင်းဖြစ်ပါတယ်”
ရခိုင်မှာ ဘုရားကို အရင်ဆုံးရေသပ္ပာယ်ပြီးမှ လူတွေရေကစားကြတာဖြစ်ပါတယ်။ လက်ရှိ စစ်တွေမြို့ပေါ်မှာတော့ စစ်ကောင်စီရဲ့ ဗဟိုရေလောင်းမဏ္ဍပ်၊ ရခိုင်ရိုးရာရေလောင်းမဏ္ဍပ် အပါအဝင် ရပ်ကွက်တိုင်းမှာ မဏ္ဍပ်ကြီး၊ မဏ္ဍပ်ငယ်တွေနဲ့ ရေကစားသူတွေနဲ့ ပြည့်နေ ပါတယ်။
ဒီနှစ် စစ်တွေသင်္ကြန်ဟာ အရင်နှစ်တွေကထက်ပိုပြီး စည်ကားနေတယ်လို့ စစ်တွေမြို့ခံ ကိုကျော်သန်းစိုး က ပြောပါတယ်။
“စစ်တွေမှာတော့ ဒီနှစ်ကပိုပြီးတော့ စည်ကားမယ်။ ဘာလို့လဲဆိုတော့ ဒီနှစ်က တိုက်ပွဲ တွေလည်း ရပ်ထား တယ်။ ကိုဗစ်ကပ်ဘေးလည်း မရှိဘူးပေါ့နော်။ နောက်ပြီး ရပ်ကွက် တိုင်းမှာ မဏ္ဍပ်တွေရှိကြတယ်။ လူတွေကလည်း ပျော်ပျော်ရွှင်ရွှင်ဖြစ်နေကြတယ်”
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီကရော၊ ရက္ခိုင့်တပ်တော် (AA) ကပါ သူတို့ထိန်းချုပ်ရာ နယ်မြေတွေမှာ ရခိုင်ရိုးရာ သင်္ကြန်ပွဲကို စည်စည်ကားကား ကျင်းပနေကြတာဖြစ်ပါတယ်။
စစ်ကောင်စီကတော့ စစ်တွေ၊ သံတွဲ၊ မောင်တောစတဲ့မြို့နဲ့ တခြားရုံးတွေ အခြေစိုက်ရာ မြို့ပေါ်တွေမှာ ဗဟိုရေလောင်းမဏ္ဍပ်အပါအဝင် ရခိုင်ရိုးရာရေလောင်းမဏ္ဍပ်တွေကို ငွေကြေးအများအပြား အကုန်အကျ ခံပြီး စည်စည်ကားကားကျင်းပနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
အလားတူပဲ ရက္ခိုင့်တပ်တော် (AA) ကလည်း သူတို့ထိန်းချုပ်ရာနယ်မြေဖြစ်တဲ့ ကျောက်တော်မြို့နယ်မှာ ဇီးချောင်းသင်္ကြန်နဲ့ မြောက်ဦးမြို့နယ်မှာ လေးမြို့ရေပေါ် သင်္ကြန်ကို စည်စည်ကားကား ကျင်းပနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။