ဖွံ့ဖြိုးရေးစီမံကိန်းတွေနဲ့ ဆင်နဲ့လူတွေအကြားပဋိပက္ခ


2019.01.17

 

ဖွံ့ဖြိုးရေးစီမံတွေ၊ စိုက်ပျိုးရေး စီမံကိန်းတွေ၊ မြို့ပြ၊ ကျေးရွာချဲ့ထွင်တာတွေကြောင့် ဆင်တွေရဲ့ စားကျက်မြေတွေ ဟာ လျော့နည်းလာတဲ့နောက်ပိုင်း ဆင်နဲ့လူတွေအကြား ပဋိပက္ခတွေ ရင်ဆိုင်နေရတဲ့အကြောင်း RFA သတင်းထောက် မဇာဏီထွဏ်း က တင်ပြထားပါတယ်။

တောဆင်ရိုင်းတွေ စိုက်ခင်းတွေအနား ရောက်လာတာကြောင့် ဆင်တွေ မလာရဲအောင် ခြောက်လှန့်နေကြရတာပါ။ ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် တင်းချောင်းကျေးရွာအုပ်စုတွေထဲက တောအစပ်ပိုင်းမှာရှိတဲ့ သီးနှံစိုက် ခင်းတွေ တော်တော်များများမှာ အခုလို ညဘက်တွေဆိုရင် တောဆင်ရိုင်းတွေ ဝင်စားမှာစိုးလို့ ညစောင့်ပြီး ဆင်ခြောက်နေကြရတာဖြစ်ပါတယ်။ အရင်က အဲဒီသီးနှံစိုက်ခင်းနေရာတွေဟာ ဆင်တွေရဲ့ စားကျက်နေရာတွေ ဖြစ်ခဲ့တာပါ။

အရင်တုန်းကတော့ ဒီနေရာတွေက ကြိုးဝိုင်းမြေတွေပေါ့။ အခုတောင်သူလယ်သမား လူဦးရေ တိုးပွားမှုနဲ့ တောင်သူတွေကို သစ်တောမြေတွေကနေ နေရာချထားပေးတော့ လယ်မြေတွေဖြစ်လာပြီပေါ့။

Conflict ဘာလို့ဖြစ်ရလဲဆိုတော့ အဓိကက စားကျက်မြေတွေ နည်းလာတာပေါ့နော်။ ဆင်စားကျက်မြေတွေက အပိုင်းပိုင်းပြတ်လာတယ်။ အဓိကက Communication အတွက် လမ်းတွေဖောက်ကြတယ်။ သဘာဝတောတွေထဲ ကို ဖြတ်ပြီးဖောက်တယ်။ ဒီတော့ ဆင်စားကျက်တွေက အပိုင်းပိုင်းဖြစ်လာတယ်။ ဆင်တွေက အုပ်စုတွေ ကွဲလာတယ်။

တောဆင်ရိုင်းတွေ နေထိုင်တဲ့သစ်တောတွေဟာ ဖွံ့ဖြိုးရေးစီမံကိန်းတွေ၊ ဧကများများ သုံးရတဲ့ စိုက်ပျိုးရေးစီမံကိန်းတွေ၊ လူနေအိမ်တိုးချဲ့တာတွေကြောင့် တောဆင်ရိုင်းတွေနေစရာနဲ့ စားကျက်နေရာတွေ လျော့နည်းပျောက်ဆုံးကုန်တာပါ။ အခုလိုတောဆင်တွေ လူတွေအနားကို ရောက်လာရတဲ့ နောက်ထပ်အကြောင်း အရင်းလည်း ရှိပါသေးတယ်။

သဘာဝတောတွေ ပျက်စီးလာတယ်။ အစာရေစာ ရှားပါးလာတယ်။ နောက်တစ်ခုက ဆင်မုဆိုးတွေ အန္တရာယ်ကို ကြောက်ပြီးတော့ ရွာနားကို ချည်းကပ်လာတယ်ပေါ့။ တကယ်လို့ အပြင်မှာလည်း အစာရေစာမရှိဘူး။ ဒီမှာလည်း ဒေသခံတွေ စိုက်ပျိုးထားတဲ့ လယ်ယာမြေဥယျာဉ်ထဲမှာ စားသောက်တယ်ပေါ့။ အပြင်မှာလည်း ဆင်မုဆိုးတွေရှိတော့ မထွက်ရဲဘူး။ အဓိကကတော့ ဒီကောင်တွေက သိတယ်ဗျ။ လူကောင်း လူဆိုးခွဲခြားနိုင်တယ်။ ဆင်မုဆိုးတွေ ကပ်လာပြီဆိုရင် စာသင်ကျောင်းတွေ စိုက်ခင်းတွေနားကပ်လာတယ်။ ပြန်မထွက်ရဲတော့ဘူး။ ၄၊ ၅ ရက် အဲဒီလိုပဲ။

တောဆင်ရိုင်းတွေဟာ စပါးပေါ်ချိန်၊ ဆောင်းသီးနှံစိုက်ပျိုးချိန်တွေမှာ ရောက်ရှိလာကြပြီး တခါလာရင် ၄ ကောင်ကနေ ၁၀ ကောင်လောက်အထိရှိတာကြောင့် တောင်သူတွေအချင်းချင်း ဝိုင်းပြီး ခြောက်လှန့်ရပါတယ်။

လာမှာသိတော့ မီးလည်းဖိုထားတယ်။ ကိုယ်လည်းစောင့်ရတယ်။ ကိုယ့်လယ်သမားတွေကတော့ သစ်ဝါးပဲရှိတော့ သစ်၊ ဝါးနဲ့ မီးဖိုပြီးစောင့် အဲလိုပဲရှိတယ်။ အန္တရာယ်ပြုတာတော့ မရှိဘူး။ ခြောက်ပြီး လိုက်တာတော့ ရှိတာပေါ့။ ကိုယ်တွေက ဝိုင်းအော်လုပ်ရင် သူတို့က လိုက်တယ်။ နှာမောင်းလိမ်ပြီးတော့လေ။

တခါတလေ မြန်မာ့သစ်လုပ်ငန်းက ဆင်ကြီးတွေနဲ့ တောဆင်ရိုင်းတွေကို ခြောက်လှန့်ပေးတဲ့ အရေးပေါ် ကွန်ဂျီဆင်များအဖွဲ့ EERU ကို အကူညီတောင်းရတာမျိုးတွေလည်း ရှိကြပါတယ်။

တောင်သူတွေ စိုက်ပျိုးထားတဲ့ စပါးခင်းတွေ၊ ပြောင်းခင်းတွေ၊ ငှက်ပျောခင်းတွေကို တောဆင်ရိုင်းတွေ ဝင်ရောက်စားသောက်တဲ့နေရာတွေဟာ ရိတ်သိမ်းလို့ မရတော့အောင် ပျက်စီးသွားတာတွေကြောင့် တောင်သူတွေမှာလည်း နစ်နာကြရပါတယ်။

တချို့လယ်သမားတွေဆိုရင် တံစဉ်လွတ်တဲ့အထိကို ပျက်သွားတယ်။ ဆုံးရှုံးသွားတယ်။ ဆင်ဆင်းတဲ့နေရာဆို ဘယ်လိုမှ ရိတ်သိမ်းလို့မရတော့ဘူး။ သူ့ရဲ့ နင်းတာနဲ့ မွှေတာနဲ့ စားတာနဲ့ စပါးကို ဘယ်လိုမှ ရိတ်သိမ်းလို့ မရတော့ဘူး။

တချို့ဒေသတွေမှာဆိုရင် တောဆင်ရိုင်းတွေ အန္တရာယ်ကြောင့် လူတွေသေတာ၊ အိမ်တွေ၊ စိုက်ခင်းတွေ ပျက်စီးတဲ့အတွက် ဒေသခံတချို့က တောဆင်ရိုင်းတွေအပေါ် ရန်ငြိုးထားလာကြတယ်လို့လည်း သိရပါတယ်။

မရှိဆင်းရဲသားက လှည်းလေးတစ်စီး ၁ သိန်းခွဲ ၊ ၂သိန်းကို ပေါင်နှံပြီး ဝယ်ထားတာလေ။ ဆင်က ဝုန်းဒိုင်းဆို နှာမောင်းနဲ့ရိုက်၊ တက်နင်းသွားတော့ သုံးလု့ိမရတော့ဘူး။ အဲလှည်းက သူတို့ရဲ့ဘဝပဲ။ တောင်သူလယ်သမား ဆင်းရဲသားရဲ့ ဘဝပဲ။ ဆင်းရဲသားရဲ့ဘဝမှာ ဘဝပျက်တာပေါ့။ ဘဝပျက်ရင် ဘဝပျက်တော့ ဆင်ကို မလိုလားဘူး။ မလိုလားတော့ ဆင်တွေ မရှိတော့ရင် သူတို့အတွက် ကောင်းတယ်ပေ့ါ။ ဒါက သူတို့ရဲ့ ရှုထောင့်ပေါ့နော်။

အဲဒီလို ဆင်နဲ့လူနဲ့အကြား ပဋိပက္ခဖြစ်ပွားတာဟာ ဧရာဝတီတိုင်းဒေသကြီးထဲက ငပုတော၊ သာပေါင်း၊ ငွေဆောင်မြို့နယ်တွေအပြင် ပဲခူးတိုင်းဒေသကြီး ၊ ရန်ကုန်တိုင်း ဒေသကြီးထဲမှာလည်းရှိနေတယ်လို့ မြန်မာ့သစ်လုပ်ငန်းကနေ သိရပါတယ်။

မြန်မာ့သစ်လုပ်ငန်းကနေ တောဆင်တွေ ဝင်မလာအောင် ပဲခူးရိုးမတလျှောက် ကျေးရွာတွေမှာ လျှပ်စစ်ခြံစည်းရိုးတွေ ကာပေးထားပြီး ဆင်နဲ့လူအကြား ပဋိပက္ခတွေကို လျှော့ပါးအောင် လုပ်ဆောင်ပေးထားတယ်လို့ သိရပါတယ်။

နောက်အစိုးရ ဖွဲ့စည်းထားတဲ့ ဆင်ချစ်သူရှိတယ်လေ။ ကိုယ်က အချိန်မီ အခါမီ ဆင်သံကြားရင် ဖုန်းဆက်ခေါ်လို့လာရင် ကိုယ့်မှာမဆုံးရှုံးရဘူးပေါ့နော်။ အဲဒါပဲ လိုချင်ပါတယ်။

တောဆင်ရိုင်းတွေဟာ အစာရေစာရှားပါးလာတာ၊ မုဆိုးတွေရဲ့ အန္တရာယ်ကို စိုးရိမ်စိတ်နဲ့ ရှောင်တိမ်းနေရ တာတွေကြောင့် ကြီးထွားသန်မာတာမျိုး မရှိတော့ဘူးလို့လည်း မြန်မာ့သစ်လုပ်ငန်းက ဆင်ထိန်းသိမ်းရေး လုပ်ဆောင်သူတွေက ပြောပါတယ်။ ဒေသခံအများစုကလည်း တောဆင်ရိုင်းတွေဟာ မြန်မာနိုင်ငံအတွက် အရေးကြီးပြီး မျိုးသုဉ်းလုနီးပါး ဖြစ်နေတာကြောင့် ထိန်းသိမ်းနေရတာ၊ ဆင်မုဆိုးအန္တရာယ်ကြောင့် လူတွေကို ပိုအားကိုးလာကြတာကို သဘောပေါက်ကြပါတယ်။ ဒါပေမဲ့ တဖက်မှာလည်း ကိုယ်စိုက်ပျိုးထားတဲ့ သီးနှံတွေ၊ အရင်းအနှီးတွေ ပျက်စီးဆုံးရှုံးတာကြောင့် ထိခိုက်နစ်နာတာ တွေကြောင့်လည်း တောဆင်ရိုင်းနဲ့ လူတွေအကြား ပဋိပက္ခတွေကို ထိထိရောက်ရောက် ဖြေရှင်းပေးဖို့ အကူညီတွေ လိုအပ်နေတယ်လို့ ပြောကြပါတယ်ရှင်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။