မဲဆောက်မြို့က မြန်မာတွေရဲ့ ထမနဲအလှူပွဲ
2024.02.20

ထိုင်းနိုင်ငံ မဲဆောက်မြို့ဝန်းကျင်မှာ ရောက်နေတဲ့ မြန်မာနိုင်ငံဖွားတိုင်းရင်းသားတွေက နောင်ဘွားရွာမှာ ရိုးရာဓလေ့အတိုင်း ထမနဲထိုးပြီး အလှူလုပ်ကြပါတယ်။
နှစ်တိုင်း အခုလို တပို့တွဲလရောက်ပြီဆိုရင် တစ်လလုံး ထမနဲထိုးပြီး အလှူလုပ်ကြတယ်လို့ မဲဆောက်မြို့မှာနေတာ အနှစ် ၂ဝ ကျော် ရှိပြီဖြစ်တဲ့ ဒေါ်ဝင်းစန္ဒာက ပြောပါတယ်။
"အစုံပေါ့။ ပစ္စည်း ကိုးမျိုးပြည့်အောင် ထည့်ပြီးလုပ်တာပေါ့။ ရိုးရာပျက်မှာ စိုးလို့ပေါ့။ သူများနိုင်ငံမှာ ရောက်လဲ ကိုယ့်မြန်မာ့ရိုးရာပျက်မှာစိုးလို့ လှူကြ တန်းကြတာပေါ့၊ နှစ်စဉ်နှစ်တိုင်းပဲ ဒါတွေက နှစ်တိုင်းလိုလို လုပ်ကြတယ်။ တစ်လလုံးလုပ်ကြတယ်ပေါ့။’’
ဒေါ်ဝင်းစန္ဒာဟာ ပဲခူးတိုင်းအရှေ့ခြမ်း ရွှေကျင်မြို့နယ်ဇာတိ ဖြစ်ပါတယ်။ ပြည်တွင်းမှာ အလုပ်အကိုင်ရှားလို့ ထိုင်းနိုင်ငံထဲမှာ အလုပ်လုပ်နေကြရပေမဲ့ ကိုယ့်မြန်မာလူမျိုးတွေ စည်းစည်းလုံးလုံးနေကြတာကို လူငယ်မျိုးဆက်တွေ လက်ဆင့်ကမ်းသိစေချင်တာလို့လည်း ပြောပါတယ်။
ကျက်လာတဲ့ ထမနဲကို ဘုရားကပ်လှူတာ၊ ဘုန်းကြီးကျောင်းကို လှူတာ၊ တစ်အိမ်တက်ဆင်း ဝေငှတာတွေက မြန်မာလူမျိုးတွေ စုပေါင်းညီညာတဲ့ သဘောဆောင်တယ်လို့ ရှေးစာဆိုတွေက ဆိုထားပါတယ်။
ဒါပေမဲ့ ရိုးရာထမနဲထိုးဖို့ မဖြစ်နိုင်တဲ့ ပြည်တွင်းကလူတွေအတွက် ဒေါ်ဝင်းစန္ဒာက စိတ်မကောင်းဖြစ်နေသလို မဲဆောက်မှာတောင် အရင်လောက် မလှူနိုင်တဲ့ အကြောင်းလည်း ပြောပါတယ်။
"စိတ်တော့မကောင်းဘူးပေါ့နော်။ ကိုယ့်မြန်မာပြည်သားတွေ မြန်မာပြည်မှာလဲ ဖြစ်ကြတယ်။ ဒီမှာလဲ စီးပွားရေးအခြေအနေက မကောင်းကြတော့ အလှူအတန်းကတော့ နည်းသွားတာပေါ့။ နှစ်တိုင်း နှစ်တိုင်းကတော့ လှူတာများကြတယ်။ အခုကတော့ အလှူတွေ နည်းသွားကြတာပေါ့။ ဆယ်ဦး ထိုးကြတဲ့နေရာမှာ ခုနစ်ဦးလောက်ပဲ ထိုးဖြစ်ကြတယ်၊ ခေတ်ကာလ အခြေအနေမကောင်းတဲ့အခါကျတော့ အလုပ်အကိုင်တွေက အဆင်မပြေကြဘူး"
မြန်မာတွေရဲ့ ဆယ့်နှစ်လရာသီပွဲတော်တွေထဲမှာ တပို့တွဲလထမနဲပွဲဆိုတာကလည်း ထင်ရှားလှသလို ရှေးဟောင်းယဉ်ကျေးမှုအမွေတစ်ခုလို့လည်း ပြောရမှာဖြစ်ပါတယ်။